၂၂. ၈. ၂၀၂၅
Written by Nay Moe
စစ်ရှုံးနေ၍ အသေအပျောက်များစွာဖြင့် သိမ်းယူထားသည့်မြို့များမှ ထွက်ပြေးနေရသော TNLA ကို PDF များက လက်နက်လူသူ စစ်ရေးထောက်ကူရန် NUG ညွှန်ကြားသည့် အမိန့်စာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်ကို ယနေ့ တွေ့ရှိရသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးရည်မွန်၏ ညွှန်ကြားချက်ဟု ဩဂုတ် ၁၉ ရက် ရက်စွဲဖြင့် ဖော်ပြထားသည့် အဆိုပါ လျှို့ဝှက်အမိန့်စာတွင် NUG ၏ မဟာမိတ် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် မိုးကုတ်မြို့တို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်က အစွမ်းကုန်ကြိုးပမ်းလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများကို TNLA က ပြန်လည်ခုခံကာကွယ်နေသော်လည်း အင်အားအလွန်ကွာဟလျက်ရှိသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များအနေဖြင့် TNLA လိုအပ်နေသော တပ်ဖွဲ့ဝင်၊ ဆေးတပ်ဖွဲ့ဝင်များနှင့် ဆေးဝါးရိက္ခာများကို အမြန်ဆုံးပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် တာဝန်နှင့် လှုပ်ရှားမှုများကို အချိန်မီ အပြီးသတ်စွာ ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဤအမိန့်စာနှင့် ပတ်သက်သည့် အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းရမည်ဖြစ်ကာ မူမမှန်သည့် ပေါ်လွင်မှုဖြစ်ပေါ်ပါက တာဝန်ရှိသူအား တိုက်ရိုက်တာဝန်ရှိစေမည်ဖြစ်ကြောင်းနှင့် အမိန့်တိုင်း ဆောင်ရွက်ခြင်းမရှိပါက (သို့မဟုတ်) ဖောက်ဖျက်ပါက တာဝန်ချိုးဖောက်ခြင်းအဖြစ် စစ်ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။
တအာန်းလက်နက်ကိုင် TNLA သည် NUG ကို စင်ပြိုင်နေသော ဒေါက်တာတေဇာစန်းနှင့် ဒေါက်တာစိုးသူရဇော်တို့ ထိန်းချုပ်ထားသည့် မန္တလေး PDF၊ ဓနုလက်နက်ကိုင် DPLA နှင့် မဟာမိတ်ပြုကာ သယံဇာတများ ခိုးထုတ်နေမှုကြောင့် NUG ၏ ပသုံးလုံးများနှင့် ပွတ်တိုက်မှုဖြစ်ပွားနေသော်လည်း တပ်မတော်၏ ထိုးစစ်များကြောင့် နောင်ချိုနှင့် သပိတ်ကျင်းကို TNLA တို့ အသေအပျောက်များစွာနှင့် လက်လွှတ်ခဲ့ရသည့်အပြင် DPLA , TNLA နှင့် MDY PDF ရာချီက တပ်မတော်ထံ အလင်းဝင်လာသဖြင့် NUG က TNLA ကို စစ်ကူရန် ညွှန်ကြားလာခြင်းဖြစ်သည်။
ထိုသို့သော အခြေအနေများထက် ပိုမိုဆိုးရွားသည့် အနေအထားအဖြစ် TNLA, MNDAA နှင့် SSPP တို့ကို ‘ဝ’လက်နက် ကိုင် UWSA က လက်နက်၊ ငွေကြေး မည်သည့်အရာမှ ပံ့ပိုးပေးတော့မည်မဟုတ်ဟု ယခုလအတွင်း ဆွေးနွေးပွဲများအပြီး ဩဂုတ် ၂၀ ရက်တွင် တရားဝင်ထုတ်ပြန်လာခဲ့ခြင်းကြောင့် သင်းကွဲ TNLA အဖို့ ဘက်စုံအရေးနိမ့်နေချိန်တွင် NUG က PDF များကို စစ်ရှုံးနေသော TNLA ဘက်မှ ဝင်ကူရန် ပြင်းပြင်းထန်ထန် ညွှန်ကြားလာခြင်းဖြစ်သည်။
အဆိုပါ TNLA ကို PDF များစစ်ကူရန် NUG ညွှန်ကြားလာသည့်စာကို အတုအစစ် ဟုတ်မဟုတ် NUG ၏ MOD အောက် မေးမြန်းနေသော်လည်း ထိုသို့သော စာမျိုးမှာ အစစ်ဖြစ်လျင်ပင် NUG က အတုဟုသာ ငြင်းပယ်မည်ဖြစ်သည်။
