၂၂. ၈. ၂၀၂၅
Translated by Thettant
ကိုလံဘီယာနိုင်ငံတွင် ယမန်နေ့ကဖြစ်ပွားသော သီးခြားတိုက်ခိုက်မှုနှစ်ခုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့ကာ အဆိုပါတိုက်ခိုက်မှုများသည် ဆယ်စုနှစ်များအတွင်း နိုင်ငံ၏ အဆိုးရွားဆုံး လုံခြုံရေးအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ ကိုလံဘီယာနိုင်ငံ၊ ကယ်လီမြို့အနောက်ပိုင်းရှိ လူစည်ကားသော လမ်းမပေါ်တွင် ကြာသပတေးနေ့က ကားဗုံးပေါက်ကွဲမှုတစ်ခုကြောင့် လူ ၆ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သည်။
ထို့နေ့တွင်ပင် မီဒီလင်မြို့အနောက်မြောက်ဘက်ရှိ ကျေးလက်ဒေသတစ်ခုတွင် ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်တစ်စီးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရသည်။
ယခုတိုက်ခိုက်မှုများကို ဖျက်သိမ်းပြီးဖြစ်သော ကိုလံဘီယာလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (FARC) မှ ကွဲထွက်သွားသည့် အဖွဲ့အစည်းအသီးသီးက ကျူးလွန်ခဲ့သည်ဟု ယူဆရပြီး၊ လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ကိုလံဘီယာ၏ နုနယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုအသစ်များ ဖြစ်လာစေသည်။
ကယ်လီမြို့တော်ဝန် အလီဟန်ဒရို အီဒါက နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ကယ်လီမြို့အတွက် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ ထို့အပြင် မြို့တွင်းသို့ ကုန်တင်ကားကြီးများဝင်ရောက်မှုကို ယာယီပိတ်ပင်လိုက်ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ပေးနိုင်သူကို ဒေါ်လာ ၁၀,၀၀၀ ဆုကြေးပေးမည်ဟု ကြေညာခဲ့သည်။
တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားပြီးနောက် သမ္မတနှင့် စစ်ဘက်ခေါင်းဆောင်များက နိုင်ငံသားများအတွက် “ထပ်ဆောင်းကာကွယ်ရေးအစီအမံများ” ချမှတ်ရန် လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ကျင်းပမည်ဟု ကြေညာခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနက လူမှုမီဒီယာပေါ်တွင် “နိုင်ငံတော်သည် အကြမ်းဖက်မှုကို လက်ခံမည်မဟုတ်ပါ။ ဤရာဇ၀တ်မှုများကို ဥပဒေ၏ အပြည့်အ၀အင်အားဖြင့် လိုက်လံဖမ်းဆီးပြီး အရေးယူသွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ကယ်လီမြို့ရှိ ကားဗုံးပေါက်ကွဲမှုသည် မာကို ဖီဒယ် ဆူအာရက်ဇ် စစ်ဘက်လေကြောင်းကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း လမ်းပေါ်ရှိ အရပ်သားများကို သေဆုံးစေခဲ့ကာ နေအိမ်များစွာ ပျက်စီးခဲ့သည်။ မျက်မြင်သက်သေတစ်ဦးက AFP သတင်းဌာနသို့ “လေတပ်စခန်းအနီးမှာ တစ်ခုခုပေါက်ကွဲတဲ့ ကျယ်လောင်တဲ့အသံကို ကြားခဲ့ရတယ်” ဟု ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ပက်ဒရို ဆန်းချက်ဇ်က အဆိုပါပေါက်ကွဲမှုကို “အကြမ်းဖက်တိုက်ခိုက်မှု” ဟု ခေါ်ဆိုခဲ့ပြီး FARC ပြောက်ကျားခေါင်းဆောင် အိုင်ဗန် မော်ဒီစကိုအား ရည်ညွှန်း၍ “မော်ဒီစကိုဟု အမည်ရသော မူးယစ်ဂိုဏ်း” ကို ပြစ်တင်ပြောဆိုခဲ့သလို “အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒီလိုသူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုဟာ Valle del Cauca, Cauca, နဲ့ Nariño ဒေသတွေမှာရှိတဲ့ မူးယစ်မှောင်ခိုကွန်ရက်ကို ပြည်သူ့တပ်ဖွဲ့တွေက နှိမ်နင်းလိုက်နိုင်လို့ ထိန်းချုပ်မှုတွေ ဆုံးရှုံးသွားတဲ့အပေါ် အသည်းအသန် တုံ့ပြန်လိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက လူမှုမီဒီယာပေါ်တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်ကို သီးခြားတိုက်ခိုက်မှုနှင့်ပတ်သက်၍ သမ္မတ ဂူစတာဗို ပီထရိုက ရဟတ်ယာဉ်သည် ကိုကင်းတွင် အဓိကပါဝင်ပစ္စည်းဖြစ်သော ကိုကာအရွက်များ ဖျက်ဆီးရေးမစ်ရှင်ကို ထမ်းဆောင်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒရုန်းထိမှန်ပြီးနောက် ရဟတ်ယာဉ်သည် မြေပြင်ပေါ်သို့ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ ရဲအရာရှိ ၁၂ ဦးလုံး သေဆုံးခဲ့သည်။
လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများတွင် နိုင်ငံ၏မြောက်ပိုင်း၊ အမေဖီလီမြို့ရှိ သစ်တောထူထပ်သောနေရာတွင် အနက်ရောင်မီးခိုးလုံးကြီးများ ထွက်နေသည်ကို တွေ့ရသည်။
ဆန်းချက်ဇ်က ထိုတိုက်ခိုက်မှုကို FARC မှ ကွဲထွက်လာသည့် အကြီးဆုံးအဖွဲ့ဖြစ်သော EMC ပြောက်ကျားအဖွဲ့က ကျူးလွန်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ကိုလံဘီယာသည် မကြာသေးမီလများအတွင်း လုံခြုံရေးတပ်ဖွဲ့များနှင့် သူပုန်များ၊ ပြည်သူ့စစ်များ သို့မဟုတ် မူးယစ်ဂိုဏ်းများအကြား ပဋိပက္ခများကြောင့် အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်။
ဒရုန်းတိုက်ခိုက်မှုများသည်လည်း မကြာသေးမီနှစ်များအတွင်း ပိုမိုအဖြစ်များလာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၌ ဒရုန်းတိုက်ခိုက်မှု ၁၁၅ ခု မှတ်တမ်းတင်ခဲ့ရာ အများစုကို တရားမဝင် လက်နက်ကိုင်အဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Ref , BBC


