၂၂.၈.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ ရှောင်တခင် စစ်ဆေးစဉ် မြန်မာလုပ်သား ၁၂ ဦး အပါအဝင် အလုပ်သမား ၂၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဩဂုတ်လ ၂၀ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန့်ဘှုန်မြို့နယ်၊ နော်ဖိုင်ကဲ့ယောက်ကျေးရွာရှိ ဆောက်လုပ်ရေးဆိုက်တစ်ခုအား ဝင်ရောက်စစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။
ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၂၀ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါ ဆောက်လုပ်ရေးဆိုက်အတွင်းသို့ ချွန်ဘူရီခရိုင် အလုပ်သမားရုံး၊ Chonburi ခရိုင်အလုပ်အကိုင်ရုံး၊ Chonburi ခရိုင်အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး၊ Chonburi ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးကွပ်ကဲမှုတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများတွင် အလုပ်လုပ်ခွင့်ပါမစ်မရှိသည်ကို တွေ့ရသောကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အလုပ်ရှင်ကိုပါ တစ်ပါတည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယခုအခါ ယင်းဖမ်းဆီးခံရသူ အလုပ်သမားများနှင့် ၎င်းတို့ကို ငှားရမ်းခိုင်းစေသည့် အလုပ်ရှင်အား ဘန့်ဘုန်မြို့နယ်ရဲစခန်း၌ ထိန်းသိမ်းထားပြီးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။













