◾️ စက်မှုဇုန်များလိုအပ်သော အချို့ပစ္စည်းများကို ပြည်တွင်း MSME ထုတ်ကုန်ပစ္စည်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ရန်ပါ မှာကြား
၂၂. ၈. ၂၀၂၅
Written by Nyein Kyaw
သီလဝါအထူးစီးပွားရေးဇုန်၏ ပို့ကုန်သွင်းကုန်တန်ဖိုးအား နှိုင်းယှဉ်ကြည့်ရာ သွင်းကုန်တန်ဖိုး များနေသောကြောင့် တင်သွင်းကုန်များသည် စက်ရုံများ၌ အမှန်တကယ် အသုံးပြုရန်လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများဖြစ်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် ယမန်နေ့က သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က စက်မှုဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စက်ရုံအချို့တွင် ဆိုလာစွမ်းအင်ထုတ်ယူ အသုံးချလျက်ရှိရာ ၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီဖြစ်၍ ကျန်စက်ရုံများ ဆိုလာတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ရေး တိုက်တွန်းစေလိုကြောင်း ပြောကြားသည်။
သီလဝါအထူးစီးပွားရေးဇုန်၏ Promotion Zone ရှိ ထုတ်ကုန်ပစ္စည်းအများစုကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ ပြည်ပကုန်စည် ပြပွဲများ၌ ပါဝင်ပြသနိုင်ရေး ဆက်စပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အထူးစီးပွားရေးဇုန်၏ ပို့ကုန်သွင်းကုန်တန်ဖိုးအား နှိုင်းယှဉ်ကြည့်ရာ သွင်းကုန်တန်ဖိုးများနေသောကြောင့် တင်သွင်းကုန်များသည် စက်ရုံများ၌ အမှန်တကယ် အသုံးပြုရန်လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများဖြစ်ရန်လိုအပ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးက မှာကြားသည်။
စက်မှုဇုန်များတွင် လိုအပ်သော အချို့ပစ္စည်းများကို ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထုတ်လုပ်သောပစ္စည်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆက်သွယ်ပေးရန်လိုအပ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးက ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ One Stop Service Center (OSSC) ၏ အရည်အသွေးပြည့်ဝစွာဖြင့် ဝန်ဆောင်မှုပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး MITT ဆိပ်ကမ်းအကောက်အခွန်လုပ်ငန်းများနှင့် ကုန်ပစ္စည်းစစ်ဆေးနေမှုများ၊ စက်သုံးဆီဆိပ်ကမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
