၂၂.၈.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်မြောက်ပိုင်း၊ ကွင်ဟေးပြည်နယ်အတွင်းတွင် မြစ်ဝါမြစ်ကို ဖြတ်လျက်တည်ဆောက်နေသော သံမဏိကြိုးဆိုင်း နှစ်ထပ်ရထားလမ်းတံတားကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တံတား၏ သံမဏိကြိုးတစ်ချောင်း ကျိုးပြတ်မှု ဩဂုတ်လ ၂၂ ရက် နံနက် ၃ နာရီခန့်ကဖြစ်ပွားခဲ့ရာ လူခုနစ်ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံပိုင်သတင်းစာ The People’s Daily က သံမဏိကြိုး ကျိုးပြတ်ချိန်တွင် လုပ်ငန်းခွင်၌ အလုပ်သမား ၁၅ ဦးနှင့် စီမံကိန်းမန်နေဂျာတစ်ဦးတို့ရှိနေကြကြောင်း ဖော်ပြခဲ့သည်။
အဆိုပါတံတားကြီးက ကမ္ဘာ့အကြီးဆုံး သံမဏိကြိုးဆိုင်း နှစ်ထပ်ရထားလမ်းတံတားကြီးဖြစ်လာမည်ဖြစ်ကာ ဆီချွန်-ကွင်ဟေး ရထားလမ်းပေါ်တွင် ကွင်ဟေးပြည်နယ်အတွင်း တည်ရှိသည်ဟု သတင်းက ဖော်ပြခဲ့သည်။
ထိုတံတားက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြစ်ဝါမြစ်ကိုဖြတ်၍ တည်ဆောက်သော ပထမဆုံး သံမဏိကြိုးဆိုင်း လေးကိုင်းပုံခန်းဖွင့် ရထားလမ်းတံတားကြီးဖြစ်ကာ တရုတ်နိုင်ငံ၏ ဒုတိယအရှည်ဆုံးတံတားဟုလည်းသိရသည်။
The People’s Daily သတင်းစာ၏ ဝက်ဘ်ဆိုတ်တွင် တစ်စိတ်တစ်ပိုင်းတည်ဆောက်ပြီးစီးပြီဖြစ်သော တံတားကြီး၏ပုံကို ပြသထားပြီး တံတား၏ အလယ်ပိုင်းက ပြီးစီးလုနီးဖြစ်နေသည်ကို တွေ့ရကာ ကြီးမားလှသော ငြမ်းစင်ထားသည့် တာဝါကြီးနှစ်ခုနှင့် ဝန်ချီစက်များစွာတို့ကိုလည်း အနီးတွင် တွေ့ရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သတင်းကဖော်ပြခဲ့သည်။ တရုတ်နိုင်ငံတွင် ပြတ်သားမှုမရှိသော စည်းမျဉ်းစည်းကမ်းများနှင့် လျော့ရဲသော လုံခြုံစိတ်ချရမှုဆိုင်ရာ အဆင့်များကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ မတော်တဆမှုများက မကြာခဏဆိုသလိုပင်ဖြစ်ပွားလေ့ရှိတတ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက နိုင်ငံတောင်ပိုင်း ရှင်ဇန်းမြို့အနီးတွင် အဓိက ရထားလမ်းတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ရုတ်တရက်ပြိုကျမှု ဖြစ်ခဲ့ရာ လူ ၁၃ ဦးပျောက်ဆုံးနေခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် အသက်ရှင်ကျန်ရစ်သူများရှိ မရှိလည်း ထပ်မံသတင်းထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။
Ref- AFP
