


၂၁. ၈. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၆၃/၂၀၂၅) ဖြင့် ယနေ့တွင် အသိပေးကြေညာထားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (က) ပါ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦးသည် တည်ဆဲပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (ခ) အရ လည်းကောင်း၊ ပုဒ်မ ၁၇ ပုဒ်မခွဲ (ဂ) ပါ ဒုတိယဝန်ကြီးတစ်ဦးဦးသည် တည်ဆဲပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (ဃ) အရ လည်းကောင်း၊ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၁၈ ရက် ( တနင်္လာနေ့) မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။
ထို့အတူ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တို့သည်လည်း သက်ဆိုင်ရာတည်ဆဲဥပဒေများအရ အပိုင်းလိုက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၁၈ ရက် ( တနင်္လာနေ့ ) မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကို လည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့် ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးသည့်နောက်ပိုင်းတွင် ကော်မရှင်မှ ထုတ်ပြန်ပေးမည်ကြောင်း အသိပေးကြေညာထားသည်။
