◾️ စိစစ်ခံမှုပျက်ကွက်သည့် အေဂျင်စီများကို ဒဏ်ကြေးငွေနှင့် Demand Letter အသစ် တင်ပြခွင့် ဆိုင်းငံ့ခြင်းတို့ဖြင့် အရေးယူမည်

၂၁. ၈. ၂၀၂၅
Written by Nyein Kyaw
ပြည်ပအလုပ်သမားများ မိသားစုလွှဲပို့ငွေများနှင့် ပတ်သက်ပြီး အေဂျင်စီပေါင်း ၃၅၉ ခုကို ဩဂုတ်လ ၂၅ ရက်မှစတင်၍ နေပြည်တော်ရုံးချုပ်တွင် စိစစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration မှ အသိပေးကြေညာထားသည်။
စိစစ်ခြင်းခံရမည့် အေဂျင်စီများမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လေးလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်သမား စုစုပေါင်း ၃၉,၃၅၃ ဦးစေလွှတ်ထားသည့် အေဂျင်စီများဖြစ်သည်။
၎င်းတို့အား နေပြည်တော်ရုံးချုပ်တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ (အစိုးရရုံးပိတ်ရက်များမှအပ) နံနက် ၉ နာရီခွဲမှ နေ့လယ် ၁၂ ခွဲအထိနှင့် နေ့လယ် ၁ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တစ်ရက်လျင် နှစ်ကြိမ် စိစစ်သွားမည်ဖြစ်သည်။
အေဂျင်စီများအနေဖြင့် ဇယားတွင်ဖော်ပြထားသည့် နေ့ရက်များအတိုင်း မပျက်မကွက် လာရောက်တင်ပြကြရန်နှင့် မှတ်ချက်တွင် ဖော်ပြထားသည့်အတိုင်း နံနက်ပိုင်းစစ်ဆေးခံရမည့် အေဂျင်စီများအနေဖြင့် နံနက်ပိုင်းတွင်သာ လာရောက်တင်ပြရန်နှင့် နေ့လယ်ပိုင်းစစ်ဆေးခံရမည့် အေဂျင်စီများအနေဖြင့် နေ့လယ်ပိုင်းတွင်သာ လာရောက်တင်ပြကြရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
လာရောက်တင်ပြရန် ပျက်ကွက်သည့် အေဂျင်စီများကို ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ Demand Letter အသစ် တင်ပြခွင့်ဆိုင်းငံ့ခြင်းများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အေဂျင်စီများအနေဖြင့် မိမိတင်ပြရမည့် နေ့ရက်များတွင် မပျက်မကွက်လာရောက်တင်ပြကြရန် အသိပေးထားသည်။
MOEAA မှတာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာအေဂျင်စီများ သိရှိဆောင်ရွက်နိုင်ရေး ထပ်ဆင့်အသိပေးသွားမည်ဟု သိရသည်။
ပုံစာ- ကိုရီးယားနိုင်ငံသို့ စေလွှတ်ခဲ့သော မြန်မာအလုပ်သမားများကို တွေ့ရစဉ်
