
၂၁ . ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ခွန်ကဲန်ပြည်နယ်၊ ဘန်ဖိုင်ခရိုင်ရှိ ထိုင်းဇနီးမောင်နှံသည် ၎င်းတို့၏ မွေးကင်းစရင်သွေးငယ်ကို သတ်ဖြတ်ကာ ခွန်ကဲန်ပြည်နယ်ရှိ မိတ်ဆွေတစ်ဦး၏ နေအိမ် မီးသွေးဖိုတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝန်ခံခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် ခွန်ကဲန်၊ ဘန်ဖန်ခရိုင်ရှိ ဒေသခံတစ်ဦးက ကြံခင်းထဲရှိ မီးသွေးဖိုတစ်ခုတွင် မွေးကင်းစကလေးငယ်၏ အလောင်းကို တွေ့ရှိခဲ့ပြီး ဘန်ဖန်ရဲစခန်းသို့ သတင်းပို့ခဲ့သည်။ အလောင်းကို မီးဖိုထဲတွင် မီးရှို့ထားပြီး အခင်းဖြစ်ပွားရာနေရာတွင် သွေးစွန်းထင်းမှုများ တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့က ကလေးမိဘများကို ရှာဖွေစတင်ခဲ့ပြီး CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးရာ ဧရိယာအနီးတွင် ဆိုင်ကယ်စီးလာသော သံသယဖြစ်ဖွယ် ဇနီးမောင်နှံကို တွေ့ရှိခဲ့သည်။ ထိုမြင်ကွင်းတွင် အမျိုးသမီးသည် ပန်းရောင်ပလတ်စတစ်ခြင်းတစ်လုံး ကိုင်ဆောင်လာသည်ကို တွေ့ရသဖြင့် ရဲအရာရှိများက မွေးကင်းစကလေးငယ်၏ အလောင်းပါရှိသည်ဟု သံသယရှိခဲ့သည်။

CCTV မှတ်တမ်းများအရ အဆိုပါဇနီးမောင်နှံသည် မီးဖိုတည်ရှိသည့် ကြံခင်းပိုင်ရှင်ဖြစ်သော မိတ်ဆွေအိမ်ထံ သွားရောက်ခဲ့ကြောင်း နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။ ခြံပိုင်ရှင်က အဆိုပါ ဇနီးမောင်နှံသည် ၎င်း၏နေအိမ်သို့ လာရောက်ခဲ့ကြောင်း ဝန်ခံသော်လည်း ပန်းရောင်ခြင်း သို့မဟုတ် အလောင်းကို မတွေ့ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
နောက်ပိုင်းတွင် ရဲအရာရှိများသည် ၎င်းဇနီးမောင်နှံသည် အသက် ၃၀ အရွယ် ပေါင်ဆာသွန် (Pongsathon) နှင့် အသက် ၃၄ နှစ်အရွယ် ပနတ်ဒါ (Panadda) ဟု ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို အနီးအနားရှိ ယင်းတို့၏ နေအိမ်များတွင်ပင် ဖမ်းဆီးနိုင်ခဲ့သည်။ တရားခံ ဇနီးမောင်နှံသည် မူလက ၎င်းတို့၏ မွေးကင်းစကလေးငယ်မှာ မွေးဖွားစဉ် သေဆုံးသွားသဖြင့် အလောင်းကို မီးဖို၌ မီးရှို့ခဲ့သည်ဟု အစောပိုင်းတွင် ထွက်ဆိုခဲ့သည်။
ပနတ်ဒါက ၎င်း၏ခင်ပွန်း အလုပ်သွားနေချိန်တွင် အငှားနေအိမ်၌ ကလေးမွေးဖွားခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ ၎င်းသည် ပင်ပန်းနွမ်းနယ်၍ သတိလစ်သွားခဲ့ပြီး ခင်ပွန်းပြန်လာမှသာ သတိပြန်ရလာကာ ကလေးသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။ ကလေးသေဆုံးမှုကြောင့် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ပြီး အလောင်းကို မီးရှို့ကာ အမှုဖုံးကွယ်ရန် ကြိုးစားခဲ့ကြောင်း ၎င်းတို့ ဇနီးမောင်နှံက ဝန်ခံခဲ့သည်။
ရဲတပ်ဖွဲ့ကမူ တရားခံစုံတွဲ၏ ထွက်ဆိုချက်ကို မယုံကြည်ဘဲ စွဲချက်တင်ရန်အတွက် ရင်ခွဲစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းခဲ့သည်။

ရင်ခွဲစစ်ဆေးမှုအရ မွေးကင်းစကလေးငယ်သည် မာကျောသော အရာဝတ္ထုဖြင့် ရိုက်နှက်ခံရသည့် ဒဏ်ရာရှိနေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် ကလေးငယ်၏ အစာခြေစနစ်သည်လည်း လှုပ်ရှားနေခဲ့သည်။ ထို့အပြင် ကလေးငယ်သည် မသေဆုံးမီ ငိုကြွေးခြင်း၊ နို့သောက်ခြင်းနှင့် ဝမ်းသွားခြင်းတို့ ပြုလုပ်ခဲ့သဖြင့် မွေးရာပါသေဆုံးခြင်းမဟုတ်ကြောင်း ညွှန်ပြနေသည်။
သက်သေအထောက်အထားများနှင့် ရင်ဆိုင်ရသောအခါ ပနတ်ဒါသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် ကလေးငယ်၏ နှာခေါင်းကို စောင်ဖြင့်ဖိကာ အသက်ရှုရပ်စေပြီး သတ်ဖြတ်မိခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့နောက် ၎င်းနှင့် ခင်ပွန်းသည်တို့က အလောင်းကို မီးဖိုထဲတွင် မီးရှို့ခဲ့ကြသည်။ ငွေကြေး အခက်အခဲကြောင့် ကလေးငယ်ကို ကြီးပြင်းအောင် ပြုစုစောင့်ရှောက်နိုင်မည်မဟုတ်ဟု ထင်မြင်ခဲ့မိကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။
တရားခံဇနီးမောင်နှံက လူသတ်မှုကျူးလွန်ပြီးနောက် အငှားအိမ်ခန်းမှ ထွက်ခွာသွားခဲ့ပြီး ဖမ်းဆီးခံရသည်အထိ ၎င်းတို့၏ မိသားစုများနှင့် သီးခြားနေထိုင်ခဲ့ကြောင်း သိရှိခဲ့ရသလို ၎င်းတို့နှစ်ဦးကို ရာဇဝတ်ဥပဒေပုဒ်မ ၂၈၈ အရ သေဒဏ်၊ တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်နိုင်သည့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် စွဲချက်တင်ထားသည်။
ထို့အပြင် သေဆုံးမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုသည် ရာဇဝတ်ဥပဒေပုဒ်မ ၁၉၉ ကိုလည်း ချိုးဖောက်ရာရောက်ပြီး ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်အပြင် ဘတ်ငွေ ၂၀,၀၀၀ အထိ ဒဏ်ငွေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်။
Ref , The Thaiger
