MT News
၂၁. ၈. ၂၀၂၅
TikTok လူမှုကွန်ရက် အပလီကေးရှင်းအား ပိုင်ရှင်အသစ်ရှာမည်လော၊ အမေရိကတွင် ပိတ်ပင်ရမည်လောဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က နောက်ဆုံးသတ်မှတ်ရက်ထုတ်ပြန်အပြီး တစ်လပင် မကြာသေးချိန် အမေရိကန်ပြည်ထောင်စု၏ အစိုးရအဖွဲ့ရုံးဖြစ်သော အိမ်ဖြူတော်က The White House အမည်ဖြင့် TikTok အကောင့်အား ဩဂုတ် ၁၉ ရက်၌ တရားဝင် ဖွင့်လှစ်ကာ စတင်အသုံးပြုလိုက်ပြီဖြစ်သည်။
အဆိုပါအကောင့်တွင် ပထမဆုံးပို့စ်ကို ဩဂုတ် ၁၉ ရက်မွန်းလွဲပိုင်း၌ စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၂၀၁၆ ခုနှစ် ရီပက်ဘလစ်ကန်အမျိုးသားညီလာခံ၌ ၎င်းကို ထောက်ခံသည့် အမာခံအားပေးသူများနှင့် အပြန်အလှန်ပြောဆိုနေပုံ၊ လမ်းလျှောက်နေပုံများကို ဖော်ပြထားသည့် ၂၇ စက္ကန့်ကြာ ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။
အိမ်ဖြူတော်၏ တရားဝင် TikTok အကောင့်မှ ပထမဆုံးဗီဒီယိုဖိုင်တင်အပြီး နာရီအနည်းငယ်တွင်း၌ပင် အဆိုပါအကောင့်ကို Follower ပြုလုပ်သူပေါင်း ၅၇,၀၀၀ ကျော်အထိ ရရှိလာခဲ့ကြောင်းနှင့် ယခုတွင် Follower နှစ်သိန်းခွဲခန့်ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
ယမန်နှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဥ်ကာလအတွင်း ဒေါ်နယ်ထရမ့်ပ် အသုံးပြုခဲ့သော TikTok အကောင့်တွင်လည်း Followers ၁၅ သန်းကျော် ရှိနေပြီဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ပထမ သမ္မတသက်တမ်းက တရုတ်နိုင်ငံမှ ByteDance ကုမ္ပဏီပိုင် TikTok အပလီကေးရှင်းအား အမေရိကန်အစိုးရ၏ စီမံခန့်ခွဲမှုအောက်ရှိ ကုမ္ပဏီတစ်ခုထံသို့ ရောင်းချခြင်းမပြုပါက ပိတ်ပင်သွားမည့်အမိန့်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော်လည်း ဥပဒေရေးရာအရ စိန်ခေါ်မှုများအောက်တွင် ထရမ့်ပ် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် အမိန့်က အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
ထို့နောက် ထရမ့်ပ်ကို ဆက်ခံသည့် ဂျိုးဘိုင်ဒန်လက်ထက်တွင်မူ အဆိုပါအမိန့်က အကျိုးသက်ရောက်ခဲ့သော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ် ဒုတိယ သမ္မတသက်တမ်း တာဝန်ယူပြီးနောက်တွင် TikTok ကို ပိတ်ပင်မည့် နောက်ဆုံးသတ်မှတ်ရက်များအား ၇၅ ရက်စီ သက်တမ်းတိုးပေးသည်ဟုဆိုကာ ဇန်နဝါရီ ၂၀ ရက်နှင့် ဧပြီ ၄ ရက်များ၌ ၂ ကြိမ်တိုင် လက်မှတ်ရေးတိုး ထုတ်ပြန်ခဲ့သေးသော်လည်း ၂၀၂၅ စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထား၍ ရက်ပေါင်း ၉၀ အတွင်း TikTok ကို အမေရိကန်စီမံခန့်ခွဲမှု လက်အောက်ရှိ ကုမ္ပဏီတစ်ခုခုထံသို့ ရောင်းလျှင် ရောင်း၊ မရောင်းချပါက ပိတ်သိမ်းသွားမည့်အမိန့်ကို ဇွန် ၁၉ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Ref, Xinhua

