၂၀.၈.၂၀၂၅
Written by Thiri
မျက်စိလည်လမ်းမှားပြီး ဒဏ်ရာရနေတဲ့ အဘွားကို ပရဟိတအသင်းအဖွဲ့တွေက မိသားစုထံရှာဖွေအပ်နှံပေးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာ မြောက်ဥက္ကလာ(ဌ) ရပ်ကွက်၊ သပြေလမ်းထိပ်၊ သုဓမ္မာလမ်းမပေါ်ရှိ အလက (၂) ကျောင်းမျက်နှာစာ ဆိုင်ခန်းတွေရှေ့မှာ အဘွားတစ်ယောက် ရောက်ရှိနေကြောင်း၊ စွန့်ပစ်ထားပုံရကြောင်း တာဝန်သိပြည်သူတစ်ဦးက တွဲလက်ကူမယ် (ဌ)လူငယ် ပရဟိတအသင်းထံ အကြောင်းလာတာကြောင့် အသင်းမှ တာဝန်ရှိသူတွေနဲ့ ရပ်မိရပ်ဖတချို့ သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဘွားက သူ့အမည် ဒေါ်ကျင်လှဖြစ်ကြောင်း အသက် ၉၀ ဖြစ်ကြောင်း ပြောပြနိုင်ပြီး ကျန်တဲ့ အချက်အလက်တွေ ရေရေရာရာ မမှတ်မိတာကြောင့် အသင်းက လူမှုကွန်ရက်ကနေတစ်ဆင့် အဘွားကို ကူညီနိုင်ဖို့ ဓာတ်ပုံနဲ့တကွ စာရေးတင်ကာ ကြေညာခဲ့တယ်လို့ သိရပါတယ်။
ပရဟိတအသင်း တာဝန်ရှိသူက “အဘွားတစ်ကိုယ်လုံးစိုရွှဲနေလို့ အနီးအနားက ကလေးတွေက အဝတ်အစားတွေပေးလို့ ထဘီလဲပေး ဖိနပ်စီးပေးပြီး ပရဟိတအသင်းက ဝိုင်းကူညီဖို့ ကြိုးစားစဉ်းစားကြတာပေါ့။ အဘွားမျက်နှာညာဘက်အခြမ်းမှာ ချော်လဲကျထားတာလားမသိ ဒဏ်ရာတွေတွေ့ပါတယ်။ နဖူးလည်းညိုပြီး ယောင်နေပါတယ်” လို့MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဘွားကို နာမည်၊ သားသမီးရှိလားမေးမြန်းတဲ့အခါ ဦးဌေးအောင်လို့ပြောပြီး နေရပ်ကိုလည်း”ပတ္တမြားလမ်း၊ သန်းနွယ်တို့ လိုင်းခန်းမှာနေတယ်” လို့ပြောတဲ့အတွက် တွဲလက်ကူမယ် (ဌ) လူငယ်အဖွဲ့နဲ့ပတ္တမြားလမ်းက လိုင်းခန်းတွေမှာ လိုက်ရှာပေမယ့် ဘယ်လိုမှ ပိုင်ရှင်ရှာမရတဲ့အဆုံး ရပ်ကွက်ရုံးမှာ လာပစ်ထားတာမှန်ကန်ကြောင်းထောက်ခံစာနဲ့အတူ တွဲလက်ကူမယ်အဖွဲ့မှ Ambulance နဲ့ အဖွဲ့သားများက သန်လျှင်သဘာဝတရားရိပ်သာသို့သွားရောက်ပို့ဆောင်ဖို့ လုပ်ဆောင်နေစဉ်မှာပဲ မိသားစုဝင်တွေက လူမှုကွန်ရက်က ပရဟိတအသင်းရဲ့ပို့စ်ကို တွေ့ရှိဆက်သွယ်လာတယ်လို့ သိရပါတယ်။
အဘွားဒေါ်ကျင်လှရဲ့မိသားစုဝင်တစ်ဦးက “အန်တီတို့အမေပါ။ အသက် ကိုးဆယ်ကျော်ပြီ။ လွန်ခဲ့တဲ့ ၃ လက အဖေဆုံးသွားကတည်းက သူငယ်ပြန်သလိုဖြစ်နေတာ။ မနေ့က ညက ပျောက်သွားလို့ အန်တီတို့လည်း လိုက်ရှာနေကြတာပါ။ မစွန့်ပစ်ပါဘူး။ အခု ပရဟိတအသင်းကို ဆက်သွယ်ထားလို့ အိမ်အထိ လာပြန်ပို့ပေးမယ် ပြောပါတယ်” လို့ ဖြစ်စဉ်ကို ပြောပြပါတယ်။
အလားတူပဲ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် ဆိပ်ကမ်းဘက်မှာလည်း အသက် (၇၀) ဝန်းကျင် အဘွားတစ်ဦး လမ်းပျောက်ကာ ရောက်ရှိနေလို့ အမှတ်(၆၈)ရပ်ကွက်ရုံး၊ ဒဂုံဆိပ်ကမ်းမှ တာဝန်ယူစောင့်ရှောက်ထားတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ပရဟိတ အသင်းတာဝန်ရှိသူတချို့ကအသိပေးလာပါတယ်။
အဘွားအမည်က ဒေါ်ရင်စိန်လို့ သိရပြီး ပဲခူးစုကျေးရွာကလို့သာ ပြောနိုင်ကာ ကျန်တာတွေ မမှတ်မိဖြစ်နေတယ်လို့ ဆိုပါတယ်။ အဘွားဒေါ်ရင်စိန်ရဲ့ စားသောက်ရေးအတွက် တာဝန်ရှိသူတွေက ဝိုင်းဝန်းပူးပေါင်းကူညီပေးထားတယ်လို့ သိရပါတယ်။

