၂၀.၈.၂၀၂၅
Translated by Htwe Ko Tun
အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အီရန်နိုင်ငံမှပြန်လာသော ဘတ်စ်ကားတစ်စီးမှာ ဩဂုတ် ၁၉ ရက်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ကလေး ၁၉ ဦးအပါအဝင် အာဖဂန်နိုင်ငံသား အနည်းဆုံး ၇၉ ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကပြောခဲ့ကြောင်း အာဖဂန်နစ္စတန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် မာတင် ကွာနီက ပြောသည်။
ဘတ်စ်ကားတိမ်းမှောက်မှုက ဟီရတ်မြို့ကြီးအနီး အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကားမှာ မီးလောင်၍ မီးခိုးများထွက်နေသည်ကိုတွေ့ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး မတ်ဖ်တီ မိုဟာမက် ယူဆပ်ဖ်ဆယ်ဒီကလည်း ပြောခဲ့သည်။
ဘတ်စ်ကားက အာဖဂန်နစ္စတန်နှင့် အီရန်နိုင်ငံနယ်စပ်အနီးရှိ အစ္စလာမ် ကွာလာမြို့မှထွက်ခွာလာခြင်းဖြစ်ပြီး ကဘူးလ်မြို့သို့ ဦးတည်မောင်းနှင်လာစဉ် တိမ်းမှောက်မှုဖြစ်ပွားရခြင်းဟုလည်း ဆယ်ဒီက ပြောခဲ့သည်။
ဗီဒီယိုရိုက်ကူးပြသချက်အရ ကားမှာ လုံးဝပင် မီးလောင်ကျွမ်းမှုခံနေရသည်ကို တွေ့ရပြီး ထူထဲလှသော မီးခိုးလုံးများကလည်း ကောင်းကင်သို့ တက်လျက်ရှိကြသည်။ မီးလောင်ကျွမ်းမှုကြောင့် ကားမှာတူးချစ်နေသည်ကိုလည်း တွေ့ကြရသည်။
မီးလောင်ကျွမ်းထားသော ခရီးသည်များ၏အလောင်းများကို ပြည်နယ်ဆေးရုံသို့ တင်ပို့ခဲ့ရာတွင် အနည်းဆုံး ကလေးငယ် ၁၉ ဦးပါဝင်သည်ဟု သိရသည်။
အီရန်နိုင်ငံအတွင်း လစာနည်းအလုပ်ကြမ်းများလာရောက်လုပ်ကိုင်နေသော အာဖဂန်နစ္စတန်နိုင်ငံသားများအနက် စာရွက်စာတမ်းအထောက်အထားမပါဝင်သူ သန်းနှင့်ချီ၍ရှိနေခြင်းကို ဖယ်ရှားမည်ဟု အီရန်အစိုးရကကြေညာခဲ့သည်။ ယခု ဘတ်စ်ကားတိမ်းမှောက်မှုကလည်း အထောက်အထားစာရွက်စာတမ်းမရှိဘဲ အီရန်နိုင်ငံအတွင်း လာရောက်နေထိုင်သူများကို နှင်ထုတ်ခြင်းကြောင့် ပြန်လာကြသူများဟု ယူဆရသည်။
အာဖဂန်နစ္စတန်နိုင်ငံသားအများအပြားမှာ အထောက်အထားစာရွက်စာတမ်းမရှိဘဲ အီရန်နိုင်ငံအတွင်း အမြဲတန်းနေထိုင်သူပုံစံမျိုးနှင့် နှစ်ပေါင်းများစွာ နေထိုင်နေကြကြောင်း သိရသည်။
Ref-AP
