၂၀. ၈. ၂၀၂၅
Written by Nay Moe
KIA နှင့် PDF ကြီးစိုးရာ နယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းသား၊ ကျောင်းသူ ၃၄၀ ကို ပညာသင်ကြားပေးနေသည့် “ALL STAR” ကိုယ်ပိုင်အထက်တန်းကျောင်း အကြမ်းဖက်ဗုံးခွဲခံခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက် နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြို့သစ်ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ “ALL STAR” ကိုယ်ပိုင်အထက်တန်းကျောင်းခြံဝင်းရှေ့သို့ အနော်ရထာလမ်းမှ မင်္ဂလာလမ်းသို့သွားသည့် လမ်းသွယ်အတိုင်း PDF အဖွဲ့ (အင်အားစိစစ်ဆဲ) မောင်းနှင်လာသည့် HONDA FIT အမျိုးအစား ခဲရောင်မော်တော်ယာဉ် တစ်စီးပေါ်မှ လက်လုပ်ဗုံးတစ်လုံး ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ကျောင်းခြံဝင်းရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းရှေ့အုတ်တံတိုင်းပေါ်၌ တပ်ဆင်ထားသည့် မီတာဘောက်အကာ တစ်ပေပတ်လည်မှန် တစ်ချပ် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ ၁၅ ဦးမှ ကျောင်းသား၊ ကျောင်းသူ ၃၄၀ ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့သည် ကချင်လက်နက်ကိုင် KIO/KIA နှင့် ယင်းတို့ကို သစ္စာခံသည့် KPDF ကြီးစိုးရာ နယ်မြေဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရား လည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
