၂၀. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံသည် ဥဘုံရတ်ချာ့ဌာနီပြည်နယ်ရှိ ချောင်အန်းမဒေသသို့ အာဆီယံစစ်ဘက်လေ့လာရေးအဖွဲ့ ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နှစ်ရက်ကြာ လာရောက်လေ့လာခဲ့ကြောင်း ပြောကြားခဲ့သလို ထိုခရီးစဉ်နှင့် ပတ်သက်၍ ကမ္ဘောဒီးယား၏ ကန့်ကွက်မှုကို ပယ်ချခဲ့ကာ အဆိုပါဒေသသည် ထိုင်းပိုင်နက်နယ်မြေဖြစ်ကြောင်းနှင့် ယင်းခရီးစဉ်သည် တရားဝင်ကြောင်း ထပ်လောင်း အတည်ပြုပြောဆိုခဲ့သည်။
ထိုင်းဘုရင့်တပ်မတော်၏ အမှတ် (၂) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဘွန်းစင်းပဒ်က်လန်းသည် အမျိုးသားကာကွယ်ရေးကောလိပ်တွင် အင်္ဂါနေ့က ပြောကြားရာတွင် ကမ္ဘောဒီးယားစစ်သားတစ်ဦးက ကွင်းဆင်းလေ့လာမှုကို ဟန့်တားရန် ကြိုးပမ်းခဲ့သည့် ဖြစ်ရပ်အကြောင်း ပြောဆိုခဲ့ရာ အဆိုပါစစ်သားက ထိုင်းအာဏာပိုင်များအနေဖြင့် ကမ္ဘောဒီးယားကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ကိုယ်စားလှယ်အဖွဲ့ကိုလည်း လိုအပ်သည်ထက် ပိုမိုခေါ်ဆောင်လာသည်ဟု စွပ်စွဲခဲ့ကြောင်း ပြောခဲ့သည်ဟု သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဘွန်းစင်းက ထိုဖြစ်ရပ်သည် ကမ္ဘောဒီးယား၏ ဟန်ရေးပြခြင်းဖြစ်ကြောင်း ပယ်ချခဲ့ပြီး ထိုင်းနိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းသို့ ကိုယ်စားလှယ်အဖွဲ့များကို ခေါ်ဆောင်ခွင့်ရှိသည်ဟူသော ထိုင်းနိုင်ငံ၏ အခွင့်အရေးကို အခိုင်အမာ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည်လည်း ထိုင်းအစိုးရထံမှ ကြိုတင်ခွင့်ပြုချက်မယူဘဲ ယင်းကဲ့သို့သော ကွင်းဆင်းလေ့လာမှုများကို ပြုလုပ်ခဲ့ဖူးကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
လာရောက်သည့် အာဆီယံ စစ်ဘက်ရေးရာ ယာယီလေ့လာရေးအဖွဲ့ (IOT) တွင် ဘရူနိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ် စသည့် အာဆီယံအဖွဲ့ဝင် ၈ နိုင်ငံမှ စစ်ဘက်ဆိုင်ရာ သံမှူးများနှင့် ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည်။ မလေးရှားနိုင်ငံ၏ ထိုင်းနိုင်ငံဆိုင်ရာ ကာကွယ်ရေးတွဲဖက်သံမှူး ဗိုလ်ချုပ်ရှမ်ဆူလ် ရီဇယ်လ် ဘင်မူဆာက အဖွဲ့ကို ဦးဆောင်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး ဘွန်းစင်းက အဆိုပါအဖွဲ့၏ ဘက်မလိုက်မှုကို ယုံကြည်ကြောင်းနှင့် ၎င်းတို့၏ ဘက်မလိုက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် အဆိုပါခရီးစဉ်ကို အပြုသဘောဆောင်သည့် လှုပ်ရှားမှုအဖြစ် ရှုမြင်ပြီး ရရှိလာသည့် အချက်အလက်များကို ကမ္ဘာလုံးဆိုင်ရာတွင် ယုံကြည်စိတ်ချရပြီး ခိုင်မာသည့် အချက်အလက်များအဖြစ် တင်ပြနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံစစ်ဘက်ရေးရာအဖွဲ့သည် ဥဘုံ ရတ်ချာ့ဌာနီနှင့် စစ္စခတ်ပြည်နယ်များသို့ နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့သည်။ ဩဂုတ် ၁၉ ရက် အင်္ဂါနေ့တွင် ဒုတိယနေ့အဖြစ် ဥဘုံ ရတ်ချာ့ဌာနီပြည်နယ်၊ နမ်ယွန်းမြို့နယ်ရှိ ချောင်အန်းမဒေသသို့ သွားရောက်ခဲ့ပြီး အခြေအနေများကို လေ့လာစစ်ဆေးခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များက ဆူးကြိုးများကို ဖြတ်တောက်ခဲ့သည်ဟု သတင်းပို့ချက်များကို စုံစမ်းစစ်ဆေးခဲ့သည်။ ထိုလုပ်ရပ်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းနှင့် နှစ်နိုင်ငံယုံကြည်မှုကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု သတ်မှတ်သည်။
လေ့လာရေးခရီးစဉ်အတွင်း အဆိုပါအာဆီယံစစ်ဘက်ရေးရာအဖွဲ့ ခေါ်ယူလာမှုအပေါ် ကန့်ကွက်သည့် ကမ္ဘောဒီးယား စစ်သားသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကန့်ကွက်ခဲ့ပြီး ထိုင်းဘက်မှ ကိုယ်စားလှယ်အဖွဲ့အပြည့်အစုံကို နယ်မြေကို လေ့လာခွင့်ပြုရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ လိုက်ပါလာသူများ များပြားလွန်းသည်ဟု ၎င်းက အခိုင်အမာပြောဆိုခဲ့ပြီး အဓိက လေ့လာရေးအဖွဲ့ဝင်များကိုသာ တအုံမ်အထိမ်းအမှတ်အဆောက်အအုံသို့ ချဉ်းကပ်ခွင့်ပြုခဲ့သည်။ သတင်းမီဒီယာအဖွဲ့ဝင်များနှင့် ထိုင်းအရာရှိများကိုမူ ဆိုင်တစ်ဆိုင်အနီးရှိ သတ်မှတ်ထားသည့် နေရာတွင်သာ ကန့်သတ်ထားခဲ့သည်။
အဆိုပါ ကမ္ဘောဒီးယားစစ်သားသည် ကမ္ဘောဒီးယား၏ အချုပ်အခြာအာဏာကိုလည်း ကိုးကားပြောဆိုခဲ့ပြီး ခရီးစဉ်တစ်လျှောက်လုံး အာရုံလွဲအောင် ကြိုးပမ်းခဲ့ပုံရသည်။ သို့သော် လေ့လာရေးအဖွဲ့ဝင်များက နယ်မြေကို စစ်ဆေးခြင်းနှင့် ထိုင်းစစ်တပ်၏ ရှင်းလင်းတင်ပြချက်ကို နားထောင်ခြင်းအပေါ် အဓိကထားခဲ့ကြသည်။
အာဆီယံစစ်ဘက်ရေးရာအဖွဲ့က စစ်ဆေးမှုသည် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ လေ့လာရေးအဖွဲ့ဝင်များက အနီးအနားရှိ ဆိုင်များသည် ပေါက်ကွဲမှုနှင့် မီးလောင်မှုအပါအဝင် ယခင်က ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း တွေ့ရှိခဲ့သည်။ တအုံမ် အထိမ်းအမှတ်အဆောက်အအုံသည် စစ်ဆေးမှု၏ အဓိက အာရုံစိုက်ရာနေရာအဖြစ် ရှိနေခဲ့သည်။
ထိုင်းဘက်မှလည်း နယ်စပ်၏ ကမ္ဘောဒီးယားဘက်ခြမ်းတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) စခန်းတစ်ခု ယခင်က ရှိခဲ့ပြီး ယခုအခါ ကာစီနိုအဆောက်အအုံအဖြစ် ပြောင်းလဲထားကြောင်း ရှင်းပြခဲ့သည်။
ချောင်အန်းမသည် မဟာဗျူဟာမြောက်သော နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ယခင်က ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား သိသိသာသာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည့် နေရာလည်းဖြစ်သည်။ လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ နှစ်ဖက်စလုံးသည် ထိုဒေသတွင် လက်နက်မဲ့ တပ်ဖွဲ့ဝင်များကို ထားရှိပြီး စစ်မဲ့ဇုန်အဖြစ် ထိန်းသိမ်းထားသည်။
ယာယီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နတ်တဖွန် နက်ခ်ဖနစ်ကမူ ချောင်အန်းမတွင် အာဆီယံအဖွဲ့၏ စစ်ဆေးမှုကို ကမ္ဘောဒီးယားစစ်သားက မကျေနပ်မှုနှင့် ဟန့်တားရန် ကြိုးပမ်းမှုတို့ကို အရေးမကြီးသည့် ကိစ္စအဖြစ် လျှော့ပြောခဲ့သည်။
“ဒါဟာ ပြဿနာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ဆွေးနွေးဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ် နတ္တဖွန်က ပြောကြားခဲ့သလို “ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားမှုရဲ့ သဘောထားအနေနဲ့ နှစ်ဖက်စလုံး ပူးပေါင်းစစ်ဆေးနိုင်မယ့် ယန္တရားတစ်ခုကို ထူထောင်ချင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
Ref , Bangokok Post

