၂၀.၈.၂၀၂၅
Written by Hey Mar
သံပန်း၊ သံတံခါး ဆိုင်းဘုတ်တပ်ဆင်ပြုလုပ်တဲ့အဖွဲ့မှ လူရွယ်တစ်ဦး လုပ်ငန်းခွင်မှာ မတော်တဆ ဓာတ်လိုက်ရာက အသက်သေဆုံးတဲ့ ဖြစ်စဉ် မနေ့က ဩဂုတ်လ ၁၉ ရက် ညနေ ၆ နာရီဝန်းကျင်က မကွေးမြို့နယ်၊ ကန်ပြားအရှေ့စု မကွေး-နတ်မောက်လမ်းဘေးရှိ စက်ရုံတစ်ရုံရဲ့ရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
လုပ်ငန်းခွင်မတော်တဆမှုဖြစ်ပွားတဲ့ သတင်းအရ မကွေးအခြေစိုက် မြေပြင်လူမှုကူညီရေးအသင်းက ထွက်ခွာကူညီခဲ့ရာ သေဆုံးသူမှာအသက် ၃၀ ကျော် အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ မကွေးမြို့ပေါ်မှာပဲ နေထိုင်တဲ့ သံပန်း၊ သံတံခါးနဲ့ ဆိုင်ဘုတ်တပ်ဆင်ခြင်းလုပ်ငန်းတွေ လုပ်ကိုင်ကြသူတွေဖြစ်ကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားတာကလည်း သူတို့ ထောင်နေတဲ့ ဆိုင်းဘုတ်က ဗို့အားပြင်း ဓာတ်အားလိုင်းအောက်မှာ ရှိနေပြီး အဆိုပါ လျှပ်စစ်ဓာတ်ကြိုးကို မတော်တဆ ထိမိရာက ဓာတ်လိုက်ပြီး အမြင့်ကနေ ပြုတ်ကျသေဆုံးတာလို့ ဖြစ်စဉ် မျက်မြင်အခြေအနေတချို့ကို ရှင်းပြပါတယ်။
လူမှုကူညီရေး အသင်းတွေရောက်ရှိချိန်မှာ အဆိုပါ လူနာအမျိုးသားဟာ သေဆုံးနေပြီမို့ ရုပ်အလောင်းကို စနစ်တကျထုပ်ပိုးပြီး လိုအပ်တဲ့ ရဲလုပ်ငန်းစဉ်တွေ ဆက်လက် စစ်ဆေးနိုင်ဖို့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကလည်း အိမ်ဆေးသုတ်ဖို့ သံငြမ်းဆင်ထားတဲ့ သံဒေါက်က ဓာတ်ကြိုးပေါ် ထောက်ပြီး ဝါယာကြိုး ပေါက်ရာကနေ ငြမ်းပေါ် ဆေးတက်သုတ်တဲ့ လုပ်သားနှစ်ဦးဓာတ်လိုက်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရတဲ့ဖြစ်စဉ် မကွေးမြို့မှာပဲ ဖြစ်ပွားခဲ့ပါသေးတယ်။
