၂၀. ၈. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်းလိုက်ကျင်းပရမည့် ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ပြီးမှသာ လွှတ်တော်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC)က ဩဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် လွှတ်တော်ခေါ်ယူမှုအား ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပပြီးပါက အဆိုပါ ရလဒ်အတိုင်း လွှတ်တော်ခေါ်ယူမည်လားနှင့် ရွေးကောက်ပွဲအားလုံးပြီးမှ လွှတ်တော်ခေါ်ယူမည်လားနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ( ၅၅/၂၀၂၅ ) ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ပြီးဖြစ်၍ ကြေညာချက်နှင့်အညီ အပိုင်းလိုက် ရွေးကောက်ပွဲများ ကျင်းပပြီး ရလဒ်များထုတ်ပြန်ပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၁၂၃ ပါ ပြဋ္ဌာန်းချက်နှင့် အညီ လွှတ်တော်ခေါ်ယူရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်” ဟု ဖြေကြားထားသည်။
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ရွေးကောက်ပွဲအား FPTP ဖြင့် ကျင်းပမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ၃၃၀၊ FPTP နှင့် PR စနစ်နှစ်မျိုးဖြင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၁၀၊ MMP ဖြင့် ကျင်းပမည့် တိုင်းနှင့်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေ ၃၆၄ နေရာနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။


