◾️ ရွှေအရောင်းလက်ကျန်များနေပြီး ဝယ်ယူနိုင်မှုကျဆင်းနေ၍ ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းနိုင်ဟု ဆို
၂၀. ၈. ၂၀၂၅
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းလည်း သိသိသာသာ ပြန်လည်ကျဆင်းလာခဲ့ပြီး တစ်လအတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ်သုံးသိန်းခွဲကျော် ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
“ပြည်တွင်းဈေးကွက်လည်းကျတယ်။ ကမ္ဘာ့ရွှေဈေးကလည်း ရုရှားနဲ့ အမေရိကန်နဲ့က အခြေအနေကောင်းသွားတာကိုး။ ကမ္ဘာ့ရွှေဈေးလည်းကျတယ်။ ပြည်တွင်းမှာလည်း ဒေါ်လာဈေးကျတယ်ပေါ့။ ဒေါ်လာဈေးကျတော့ အကုန်လုံးကျတဲ့သဘောပါ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်တွင် ကျပ်သိန်း ၈၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သော ပြည်တွင်းရွှေဈေးနှုန်းသည် ဇူလိုင်လ နောက်ဆုံးအပတ်တွင် ကျပ် ၇၉ သိန်းကျော်သို့ ကျဆင်းခဲ့ပြီး ယခုဩဂုတ်လ ဒုတိယအပတ်မှစတင်၍ သိသိသာသာ ထပ်မံကျဆင်းလာခဲ့သည်ကို တွေ့ရှိရသည်။
ယခုရက်ပိုင်းအတွင်း ပြည်တွင်းဈေးနှုန်း တစ်ရက်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပြီး ထပ်မံကျဆင်းလာခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၇,၅၆၀,၀၀၀ အထိကျဆင်းခဲ့သည်။ ရက်ပိုင်းအတွင်း ကျပ်တစ်သိန်းကျော် ကျဆင်းခဲ့ပြီး တစ်လအတွင်း ကျပ်သုံးသိန်းခွဲကျော် ကျဆင်းခဲ့သလို တစ်လခွဲအတွင်း ကျပ်လေးသိန်းခွဲကျော် ကျဆင်းလာခဲ့သည်။
ထို့ပြင် ပြည်တွင်း၌ ရွှေအရောင်းဈေးကွက်ပိုများနေသော်လည်း ဝယ်ယူနိုင်မှုကျဆင်းနေ၍ ရွှေအရောင်းလက်ကျန်များ ကျန်ရှိနေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း ထပ်မံကျဆင်းလာနိုင်ကြောင်းလည်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
“အခုကတော့ အရောင်းပိုနေတယ်။ ရောင်းတဲ့သူများတယ်။ ထပ်ကျဦးမှာ။ အရောင်းများနေတယ်။ အရောင်းကျန်ပေါ့။ ရောင်းတာအကုန်ရောင်း။ မဝယ်နိုင်ကြဘူး” ဟု ဦးမျိုးမြင့်က ပြောသည်။
ပြည်တွင်းရွှေဈေးနှန်း သိသိသာသာ ပြန်လည်ကျဆင်းနေသော်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးနှုန်း (Market Rate) ဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၈၉၀,၀၀၀ နှင့် နှိုင်းယှဉ်ပါက ကျပ် ၁၆ သိန်းကျော်အထိ ပိုများနေဆဲဖြစ်သည်။
ထို့အတူ ယခုဩဂုတ်လအတွင်း နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်မှုအပြင် အကျဘက်ကို ဦးတည်နေသည်။ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ၄,၆၀၀ နီးပါးရှိခဲ့ရာမှ ဇူလိုင်လ ပထမအပတ်တွင် ၄,၅၀၀ အောက်သို့ ကျဆင်းလာခဲ့သလို ယနေ့တွင်လည်း တစ်ဒေါ်လာ ၄,၄၀၀ ဖြစ်ပေါ်နေ၍ တစ်လခွဲအတွင်း တစ်ဒေါ်လာလျှင် ၂၀၀ ကျပ် ကျဆင်းခဲ့သည်။



