သတိုး
၂၀. ၈. ၂၀၂၅
မြန်မာအာဏာပိုင်တွေက အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ရုတ်တရက် ပိတ်လိုက်တာကြောင့် ထိုင်းဘက်က ပို့ကုန်လုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်နေရပါတယ်။
မြန်မာအာဏာပိုင်တွေဟာ နယ်စပ်ကနေရတဲ့ အခွန်ငွေတွေ ဗဟိုအစိုးရလက်အောက်ကို ရောက်ရှိစေဖို့အတွက်ဆိုပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ရုတ်တရက် ပိတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းအများအပြား သယ်ယူပို့ဆောင်နေရတဲ့ ဒီလမ်းကြောင်းဟာ ရပ်တန့်သွားခဲ့ပြီး ဘတ်ငွေ ဘီလျံ ၁၃၀ တန်ဖိုးရှိတဲ့ ကုန်သွယ်ရေးကို ခြိမ်းခြောက်နေပါတယ်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မျက်နှာချင်းဆိုင်ရှိတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့က တာဝန်ရှိသူတွေဟာ ကုန်ကားကြီးတွေနဲ့ ကုန်ပစ္စည်းတွေ ဖြတ်သန်းခွင့်ကို ရုတ်တရက် ပိတ်လိုက်တာပါ။ ထိုင်းအာဏာပိုင်တွေ၊ အထူးသဖြင့် မဲဆောက် အကောက်ခွန်ဌာနက ကြိုတင်သိရှိခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
သတင်းတွေအရ ဒီအမိန့်ဟာ မြန်မာ့အာဏာရအစိုးရက နယ်စပ်ကုန်သွယ်ရေးကနေ ရရှိတဲ့ အခွန်အမြတ်တွေကို ဗဟိုအစိုးရဆီကို ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်တဲ့ မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာကတည်းက ဒီဒေသမှာ အခွန်အများစုကို နယ်ခြားစောင့်တပ် (BGF) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရယူနေတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာအစိုးရက ထိန်းချုပ်မှုကို ပြန်လည်ရယူပြီး ဝင်ငွေ တိုးမြှင့်ချင်နေတာပါ။
အဓိကကုန်သွယ်ရေးတံတားဖြစ်တဲ့ အမှတ် (၂) တံတားကို ပိတ်ထားပေမယ့် အမှတ် (၁) တံတားကိုတော့ လူသွားလာမှုနဲ့ စက်လှေငယ်လေးတွေအတွက် ဖွင့်ပေးထားပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအများအပြား သယ်ယူပို့ဆောင်နေတဲ့ အမှတ် (၂) တံတား ပိတ်သွားတာကြောင့် ကုန်တင်ပို့သူတွေ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေနဲ့ ကုန်သည်တွေအတွက် ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအကျပ်အတည်းနဲ့ ပတ်သက်လို့ တက်ခ်ခရိုင် ကုန်သည်ကြီးများအသင်းက အရေးပေါ်အစည်းအဝေး လုပ်ခဲ့ပါတယ်။ ထိုင်းစီးပွားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာအစိုးရနဲ့ အရေးတကြီး ဆွေးနွေးပြီး ဖြေရှင်းချက် ရှာဖွေဖို့လည်း အဆိုပြုခဲ့ပါတယ်။
အခြေအနေက ပိုပြီးရှုပ်ထွေးလာစေတဲ့ နောက်အချက်တစ်ခုကတော့ ထိုင်းအာဏာပိုင်တွေရဲ့ ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းအသစ်တွေပဲ ဖြစ်ပါတယ်။ ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး တက်ခ်ခရိုင်အုပ်ချုပ်ရေးမှူးက ကုန်ပစ္စည်းအားလုံးကို တင်ပို့တဲ့အခါ နှစ်ရက်ကြိုတင်အကြောင်းကြားပြီး တပ်မတော်၊ အုပ်ချုပ်ရေး၊ အကောက်ခွန်အရာရှိတွေက စစ်ဆေးမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တွေက ဒီအခြေအနေတွေကြောင့် ကုန်ပစ္စည်းပို့ဆောင်မှုတွေ ပိုပြီးနှောင့်နှေးလာမယ်၊ ပစ္စည်းတွေလည်း ပျက်စီးနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ နယ်စပ်ကုန်သွယ်ရေးစနစ်တစ်ခုလုံး “ရပ်တန့်သွားနိုင်တယ်” လို့လည်း ပြောဆိုနေကြပါတယ်။
မဲဆောက် အကောက်ခွန်ရုံးရဲ့တရားဝင်စာရင်းတွေအရ ထိုင်းပို့ကုန်တွေ အကြီးအကျယ် ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဒီလမ်းကြောင်းကနေ မြန်မာနိုင်ငံကို ပို့တဲ့ ထိုင်းပို့ကုန်တွေဟာ သုံးလတစ်ကြိမ် ဘတ်ငွေ ဘီလျံ ၅၀ နီးပါးကနေ ဘီလျံ ၁၀ ကျော်အထိကို ကျဆင်းသွားခဲ့ပါတယ်။ နောက်ဆုံး ထွက်ရှိလာတဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၅ ဘဏ္ဍာရေးနှစ် (၂၀၂၄၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅၊ ဇူလိုင် ၃၁ ရက်အထိ) မှာ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းဟာ ဘတ်ငွေ ၁၃၈ ဒသမ ၆ ဘီလျံအထိ ရောက်ရှိခဲ့ပြီး အရင်နှစ်ထက် ၇၈ ဒသမ ၉၄ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ဒီလို တိုးတက်လာတာဟာ မြန်မာနိုင်ငံကနေ သွင်းကုန်ပမာဏ ၁၄၂ ဒသမ ၃၄ ရာခိုင်နှုန်း အထိ အကြီးအကျယ် တိုးလာလို့ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာပဲ ထိုင်းဘက်ကနေ ပို့ကုန်ပမာဏကတော့ ၂၁ ဒသမ ၃၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အဓိကပို့ကုန်တွေက မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဆိုင်ကယ်တွေနဲ့ စားအုန်းဆီတွေ ဖြစ်ပြီး မြန်မာနိုင်ငံကနေ အဓိကတင်သွင်းတာကတော့ အန်တီမိုနီ (Antimony) သတ္တုရိုင်းဖြစ်ပြီး ငရုတ်သီးခြောက်နဲ့ ငရုတ်သီးစိုတွေက ဒုတိယအများဆုံး ဖြစ်ပါတယ်။
မဲဆောက် အကောက်ခွန်ရုံးရဲ့ အချက်အလက်တွေအရ ဒီဘဏ္ဍာရေးနှစ်မှာ သွင်းကုန်တွေရဲ့ ၆၈ ဒသမ ၇၁ ရာခိုင်နှုန်းနဲ့ ပို့ကုန်တွေရဲ့ ၆၁ ဒသမ ၈၅ ရာခိုင်နှုန်းဟာ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ သယ်ယူပို့ဆောင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီလို နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် တရားမဝင်ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ထပ်မံပြတ်တောက်သွားပြီး နယ်စပ်နှစ်ဖက်စလုံးက ဒေသခံစီးပွားရေးလုပ်ငန်းတွေကိုပါ ထိခိုက်စေမယ်လို့ ယူဆရပါတယ်။
သို့ပေမယ့်လည်း မြန်မာအာဏာပိုင်တွေက တစ်ဖက်မှာ ထိုင်းနိုင်ငံနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို တစ်ဖက်ကလည်း မြှင့်တင်နေလို့ ဒီကုန်သွယ်ရေးလမ်း ပိတ်ဆို့မှုမှာ အဓိကထိခိုက်မယ့်အထဲမှာ မြဝတီဒေသက ပို့ကုန်သွင်းကုန်ကားတွေကို အမှီပြုပြီး ဆက်ကြေးတောင်းနေတဲ့ KNU နဲ့ PDF တွေအဖို့တော့ နေ့စဥ် ကျပ်သိန်း ၁၅၀၀ နီးပါး ဆက်ကြေးရနေတဲ့ ဝင်ငွေ ပြုတ်ကျသွားသလို တစ်လ ကျပ်သိန်း လေးသောင်းကျော် ဆက်ကြေး ဝင်ငွေရနေတဲ့ လမ်းကြောင်း ရုတ်ချည်းပိတ်ဆို့ခံရတဲ့အတွက် တိုက်ပွဲဖော်ဆောင်မှုအဓိကဝင်ငွေလမ်းကြောင်း ပြတ်တောက်သွားမှုနောက်မှာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်မှုလျော့ကျလာနိုင်ပါတယ်။
Ref, The Nation
