၂၀.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့က ၎င်းတို့အိမ်နီးချင်းနှစ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်က နယ်စပ်တွင်ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများကြောင့် ထိခိုက်ခဲ့ရသောဆက်ဆံရေးများကို ယခုအခါပြန်လည်တည်ဆောက်နေသကဲ့သို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုစီးဆင်းမှုများမြှင့်တင်ရန်အတွက် နှစ်နိုင်ငံကြားတိုက်ရိုက်လေကြောင်းပျံသန်းမှုများ ပြန်လည်စတင်ရန်လည်း သြဂုတ် လ ၁၉ ရက်က သဘောတူခဲ့ကြကြောင်း ကြေညာချက်ထုတ်ခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ အိန္ဒိယနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်အတွင်း အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် အဂျစ်ဒိုဗယ်လ်နှင့် ၂၄ ကြိမ်မြောက် နယ်စပ်အစည်းအဝေးကိုလည်းပြုလုပ်ခဲ့ပြီးနောက် ကြေညာချက်များအား ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။ အစည်းအဝေး၌ နှစ်နိုင်ငံအကြား အခက်အခဲပြဿနာများကို လုံးဝကျော်လွှားနိုင်ခြင်းမရှိသေးသော်လည်း နှစ်ဖက်တပ်များပြန်လည် နေရာချထားရေး နယ်စပ်နှင့်နယ်နိမိတ်တစ်လျှောက် ကန့်သတ်မှုများလျှော့ချရေးတို့ကိုဆွေးနွေးနိုင်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ဝမ်ရိက တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးများဖွံ့ဖြိုးတိုးတက်မှုက အေးချမ်းတည်ငြိမ်ပြီး ခိုင်မာမှုရှိခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အခြေခံအကျိုးကျေးဇူးများဖြစ်ပွားစေမည် ဖြစ်ကြောင်းပြောခဲ့ပြီး နှစ်ဖက်အပြန်အလှန်ယုံကြည်မှုရှိရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေးတို့ကို လည်းတိုက်တွန်းသွားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံ၌ အစည်းအဝေးထပ်မံ ပြုလုပ်သွားမည်ဟု တရုတ်အစိုးရကကြေညာခဲ့သည်။
ဝမ်က အစည်းအဝေးတွင် အိန္ဒိယနိုင်ငံမှလိုအပ်နေသော ဓာတ်မြေသြဇာများ၊ မြေရှားသတ္တုများနှင့် လိုဏ်ခေါင်းဖောက်လုပ်စက်များကို တရုတ်အစိုးရမှ ထောက်ပံ့ပေးသွားမည်ဟုလည်း အာမခံခဲ့သည်။
နှစ်ဖက်စလုံးကပင် ကိုဗစ်-၁၉ ကပ်ရောဂါကြီး စတင်ဖြစ်ပွားသည်မှစ၍ နှစ်နိုင်ငံအကြား ရပ်ဆိုင်းထားသော လေကြောင်းပျံသန်းမှုများ ပြန်လည်စတင်ကာ ပြည်ဝင်ခွင့်များလည်းဖြေလျှော့ပေးမည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတို့ တိုးမြှင့်သွားမည်ဟု ပြောခဲ့ကြသည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံအပြီးတွင် နှစ်နိုင်ငံအကြား တည်ငြိမ်မှုရှိကာ ကြိုတင်ခန့်မှန်းနိုင်ပြီး အပြုသဘောဆောင်မည့်ဆက်ဆံမှုများက ဒေသအတွင်းသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ကြွယ်ဝချမ်းသာရေးကိုလည်း သိသိသာသာ ပံ့ပိုးပေးနိုင်လိမ့်မည်ဟု လူမှုကွန်ရက် X တွင် ပြောခဲ့သည်။
မိုဒီက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သြဂုတ်လကုန်တွင် ရှန်ဟဲပုပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် သွားရောက်မည်ဖြစ်ရာ ခုနစ်နှစ်တာကာလအတွင်း ၎င်း၏တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်ခရီးစဉ်လည်းဖြစ်မည်ဖြစ်သည်။
သို့သော် အိန္ဒိယနိုင်ငံက တရုတ်အစိုးရက တိဘက်ဒေသတွင် ရာလန်ဇာဘို မြစ်ပေါ်၌ တရုတ်နိုင်ငံက ကြီးမားသောဆည်ကြီးတစ်ခုတည်ဆောက်နေမှုကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။ ထိုဆည်ကအိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွင်း ဗြဟ္မပုတ္တရမြစ်အဖြစ် ဆက်လက်စီးဆင်းသည်။ အိန္ဒိယအစိုးရက မြစ်ကြေအရပ်ရှိပြည်သူများအတွက် ၎င်းဆည်ကြီးတည်ဆောက်မှုက အန္တရာယ်ဖြစ်လာစေမည်ကို စိုးရိမ်နေသော်လည်း တရုတ်အစိုးရကမူ တိဘက်ရှိရေအားလျှပ်စစ်စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်ဘဲ မြစ်ရေစီးဆင်းမှုကိုလည်း လျော့ကျမှုမဖြစ်နိုင်ပါစေကြောင်း ပြန်လည်ပြောကြားထားသည်။
Ref- Reuters


