
၁၈. ၈. ၂၀၂၅
Translated by Thettant
တိုကျိုမြို့၊ ရှင်ဂျုကု (Shinjuku) ခရိုင်ရှိ နိုက်ကလပ်တစ်ခုအပြင်ဘက်တွင် မြန်မာနိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုသံသယဖြင့် မြန်မာအမျိုးသားသုံးဦးကို ဇူလိုင်လအတွင်းက ဖမ်းဆီးခဲ့ကြောင်း မြို့တော်ရဲဌာနက ယနေ့ သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ တိုကျိုရှိ သက်မွေးသင်တန်းကျောင်းတစ်ခုတွင် ကုန်သွယ်မှုဆိုင်ရာသင်တန်းကျောင်း တက်ရောက်နေသူ အသက် ၂၂ နှစ်အရွယ် ကျောင်းသား မောင်ချစ်ပေါ်ကို ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် လမ်းမပေါ်၌ ရိုက်နှက်ခံရသော ဒဏ်ရာများဖြင့် သေဆုံးလျက်သား တွေ့ရှိခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက်တွင် မြန်မာနိုင်ငံသားသုံးဦးကို စစ်ဆေးဖမ်းဆီးခဲ့ရာ သံသယရှိသူများအနက်မှ အသက် ၂၄ နှစ်အရွယ် ဇော်မျိုးထက်က ရဲတပ်ဖွဲ့ကို ထွက်ဆိုရာတွင် ၎င်းသည် မောင်ချစ်ပေါ်ကို ရိုက်နှက်ခဲ့သော်လည်း သတ်ရန် ရည်ရွယ်ချက်မရှိကြောင်း စုံစမ်းစစ်ဆေးရေး သတင်းရင်းမြစ်များက ပြောခဲ့သည်။
အခြားသံသယရှိသူနှစ်ဦးကမူ ၎င်းတို့သည် သားကောင်ကို လုံးဝမရိုက်နှက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
သတင်းရင်းမြစ်များအရ မြန်မာအမျိုးသားသုံးဦးသည် ရှင်ဂျုကုရှိ နိုက်ကလပ်တစ်ခုတွင် ကျောင်းသားမောင်ချစ်ပေါ်နှင့် တွေ့ဆုံခဲ့ကြပြီး အချင်းချင်း ရင်းနှီးခဲ့ကြသည်။ သို့သော် အုပ်စုလိုက် ကလပ်မှ ထွက်ခွာချိန်တွင် ပြဿနာတက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့သည့်နောက် မောင်ချစ်ပေါ်သေဆုံးရကာ ကျန် မြန်မာနိုင်ငံသားသုံးဦးမှာ လက်ရှိအချိန်အထိ ဖမ်းဆီး စစ်ဆေးခံနေရခြင်းဖြစ်သည်။
Ref, The Asahi Shimbun
