
၁၈.၈.၂၀၂၅.
Translated by Htwe Ko Tun
ဂါဇာစစ်ပွဲကို အစ္စရေးအစိုးရက အဆုံးသတ်ဖို့နဲ့ ပါလက်စတိုင်းအကြမ်းဖက်တို့ ဖမ်းဆီးထားသေးတဲ့ ဓားစာခံတွေ ပြန်လည် လွတ်မြောက်နိုင်ရေးဆောင်ရွက်ဖို့ အစိုးရအပေါ်တောင်းဆိုတဲ့ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေကို ဩဂုတ်လ ၁၇ ရက်က သတ်မှတ်ကျင်းပခဲ့ရာမှာ နိုင်ငံအလယ်ပိုင်း တယ်လ်အဗစ်မြို့မှာတော့ သိန်းနဲ့ချီတဲ့ပြည်သူတွေက ဩဂုတ်လ ၁၇ ရက်ညမှာ စုဝေးချီတက်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။
တယ်လ်အဗစ်မြို့ လူထုစုဝေးဆန္ဒပြပွဲကြီးက ပြီးခဲ့တဲ့နှစ်နစ်နီးပါး စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးလို့ယူဆရပြီး ဓားစာခံတွေနဲ့ ပျောက်ဆုံးနေတဲ့မိသားစုတွေဖိုရမ်ရဲ့ အဆိုအရ လူပေါင်းငါးသိန်းကျော် တက်ရောက်တယ်ဆိုပေမယ့် လူစုလူဝေးရဲ့ တရားဝင်ပမာဏကို ရဲတွေက ခန့်မှန်းခြင်းမရှိခဲ့ကြပါဘူး။ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေမှာတော့ လူပေါင်း တစ်သန်းခန့် ပါဝင်ခဲ့တယ်လို့ ဖိုရမ်က ခန့်မှန်းထားပါတယ်။

တခြား ဆန္ဒပြပွဲတွေကိုတော့ ဂျေရုဆလင်၊ ဟိုင်ဖာ၊ ဘီယာရှီဘနဲ့ မြို့ငယ်အများအပြားမှာ ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူတွေဟာ လမ်းတွေနဲ့ အဝေးပြေးလမ်းတွေကို ပိတ်ဆို့ကာ စစ်ပွဲအဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဩဂုတ်လ ၁၇ ရက်ညက နိုင်ငံတစ်ဝန်း ကြီးမားတဲ့ လူထုစုဝေးပွဲ မစတင်ခင်မှာ တက်ကြွလှုပ်ရှား သူတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး တချို့ကိစ္စတွေမှာ သူတို့ကို ပြန်ဖွင့်ဖို့ ကြိုးစားနေတဲ့ အရာရှိတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တာကြောင့် နိုင်ငံတစ်ဝန်းမှာ အနည်းဆုံး လူ ၃၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တယ်လ်အဗစ်မြို့ ဆန္ဒပြပွဲကြီးအပြီးမှာတော့ ရာနှင့်ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ မြို့၏ Ayalon အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ခဲ့ပြီး နောက်ထပ် ခြောက်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

ဆန္ဒပြချီတက်ပွဲမှာ လွတ်မြောက်လာတဲ့ ဓားစာခံတွေက စစ်ပွဲအဆုံးသတ်ပြီး အကြမ်းဖက်တွေဖမ်းဆီးထားသေးတဲ့ ဓားစာခံတွေကိုလည်း အိမ်ပြန်ပို့ပေးနိုင်ဖို့ ဆောင်ရွက်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား တောင်းပန်ခဲ့ကြမှုကို ဆန္ဒပြပွဲစီစဉ်သူတွေက ပြသခဲ့ပါတယ်။
ဝန်ကြီးချုပ် နေတန်ရာဟုက နိုဝင်ဘာလမှာ ရာထူးမှထုတ်ပယ်မှုခံခဲ့ရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂယ်လန့်ကလည်း တယ်လ်အဗစ်မြို့က ဓားစာခံများရင်ပြင်ကို လာရောက်ကာ ဝန်ကြီးချုပ်နဲ့ သူရဲ့အစိုးရအဖွဲ့ဟာ အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံတွေ ပိုမိုပြန်လာရေးကို ဦးတည်တဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဆန့်ကျင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဂယ်လန့် က ဂါဇာမှ ဓားစာခံများ လွတ်မြောက်ရေးအတွက် အာမခံချက်ပေးဖို့ တောင်းဆိုမှုကလည်း သူ အလုပ်ထုတ်ခံခဲ့ရတဲ့ အကြောင်းတစ်ခုလို့ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
ဓားစာခံတွေရဲ့ မိသားစုအများစုက ခုလို ဆန္ဒပြလှုပ်ရှားမှုကို ထောက်ခံပေမယ့် တချို့ဓားစာခံမိသားစုတွေကတေ့ာ မထောက်ခံကြပါဘူး၊ သူတို့က နေတန်ယာဟုနဲ့ တခြားလက်ယာယိမ်းပုဂ္ဂိုလ်တွေက ဩဂုတ်လ ၁၇ ရက်မှာ အခိုင်အမာ ပြောကြသလိုပဲ ဟားမားစ်တို့အနေနဲ့ သူတို့ရဲ့ တောင်းဆိုမှုတွေ တိုးမြှင့်ရရှိဖို့ ဓားစာခံလွှတ်ပေးရေးကိစ္စကို ကစားနေတာပဲလို့ ယုံကြည်ကာ မနှစ်သက်ကြပါဘူး။
ဂါဇာကမ်းမြောင်ဒေသရှိ အကြမ်းဖက်အုပ်စုတွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ ဂါဇာစစ် ပွဲစတင်ဖြစ်ပွားစေခဲ့တဲ့ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမားစ်တို့ ဝင်ရောက် တိုက်ခိုက်မှုမှာ ဖမ်းဆီးခေါ် ဆောင်သွားတဲ့ ဓားစာခံ ၂၅၁ ဦးအနက် ၄၉ ဦး အပါအဝင် စုစုပေါင်းဓားစာခံ ၅၀ ဦးကို ဂါဇာမှာ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေဘက်က လက်ကျန်ဖမ်းဆီးထားတဲ့ ဓားစာခံတွေအနက်အနည်းဆုံး ၂၈ ဦး ကတော့ သေဆုံးပြီလို့အတည်ပြုထားပါတယ်။ ဒါကြောင့် အသက်ရှင်ကျန်ရစ်သူ ဓားစာခံ ၂၀ ဦး ပဲရှိမယ်လို့ ယုံကြည်ရပြီး အခြားနှစ်ဦးကလည်း ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာတွေရှိ တယ်လို့ဆိုပါတယ်။
Ref- The Times of Israel
