၁၈. ၈. ၂၀၂၅
Written by Phyo Wei
အစိုးရအဖွဲ့အစည်းတစ်ရပ် ပြောင်းလဲတိုင်း၊ ပြောင်းလဲတိုင်းမှာ အရင်အစိုးရအဖွဲ့က ဖွဲ့စည်းခဲ့တဲ့ ကော်မတီတွေ၊ ကော်မရှင်တွေ ဖျက်သွားပြီး နောက်အစိုးရက ပြန်ဖွဲ့တဲ့ လုပ်ထုံးလုပ်နည်း သဘောသဘာ၀အရ အရင်အစိုးရဖွဲ့ခဲ့တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ဖျက်တဲ့အထဲ ထည့်သွင်းလိုက်တာကို တချို့ ဝိသမသားတွေက မသိကျိုးကျွံလုပ်ပြီး ၂၀၂၂ ခုနှစ်ကတည်းက တင်သွင်းခွင့် ပိတ်ထားတဲ့ ကုန်စည်တွေ လိုင်းပေါ်တင်ပြီး ကုန်စျေးနှုန်းဆွဲတင်လိုက်ပေမဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ပြည်ထောင်စုဝန်ကြီးချုပ်ဦးညိုစော ဦးဆောင်မှုနဲ့ ပြန်ဖွဲ့ခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ ကုန်စျေးနှုန်းအလှုပ်အခတ်မှာ ဆေးစျေးကွက်က ဝိသမလောဘသားတွေကလည်း ဆေးစျေးတွေ ဆွဲတင်လိုက်တာ တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း တီဘီ၊ HIV လူနာတွေအတွက် ကုသဆေးတွေကို နိုင်ငံတော်ရန်ပုံငွေက စိုက်ထုတ်အကုန်အကျခံ ဝယ်ယူပေးနေလို့ ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူနိုင်မှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြောလာတဲ့ဖြစ်စဉ်တွေ၊ ဇူလိုင်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၇ သန်းကျော်ထပ်မံခွင့်ပြုခဲ့လို့ ဒီဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၈ သန်းကျော်အထိရှိလာတဲ့ အကြောင်းတွေ၊ ထီစျေးကွက် ပြန်လည်အရောင်းသွက်လာတဲ့ ပြယုဂ်အဖြစ် ပြီးခဲ့တဲ့အပတ်ကစ ကျပ်သိန်း ၁၀၀၀ အထိ ဆုကြေး တိုးမြှင့်လိုက်တဲ့ အောင်ဘာလေအွန်လိုင်းထီရဲ့ Jackpot ဆုကိုလည်း သုံးကြိမ်အထိ မပေါက်မချင်းဖွင့်လှစ်ပေးမှာဖြစ်လို့ အမြင့်ဆုံးဆုကြေး ကျပ် သိန်း ၃၀၀၀ အထိ ရရှိနိုင်မယ့် အခွင့်အရေးရှိနေတယ်ဆိုတဲ့အကြောင်းအရာတွေ မြင်ခဲ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်ကိုတော့ တရားမဝင်ကုန်သွယ်မှုတွေ စတင်ပိတ်ဆို့မှုအဖြစ် ထိုင်းကုန်စည်တွေကို နယ်စပ်က တင်သွင်းမှုအပေါ် ပိတ်ဆို့တဲ့ခြေလှမ်းစတင်လိုက်တာ၊ မန္တလေးငလျင်ကြီးကြောင့် ကျပ်ဘီလျံ ၈၀၀၀ နီးပါးထိခိုက်တယ်ဆိုပြီး ပြောလာတာနဲ့ ကချင်နဲ့ “ဝ” လက်နက်ကိုင်တွေအတွက်ပဲ အကျိုးရှိနေတဲ့ မြေရှားတင်ပို့မှုအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾️ တရားမဝင်ကုန်သွယ်မှုတွေ စတင်ပိတ်ဆို့မှုခြေလှမ်း
ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တင်ပို့တင်သွင်းလုပ်နေတဲ့ ဒေါနတောင်ဖြတ် တောလမ်းတွေကို ထိန်းချုပ်ထားတဲ့ KNU, PDF နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လမ်းကြေးကောက်ခံမှုတွေကတစ်ဆင့် တစ်လပျမ်းမျှ မြန်မာကျပ်ငွေ သိန်းပေါင်းလေးသောင်း ဝန်းကျင်အထိ ရရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က ထုတ်ဖော်ရေးသားမှုအပြီး တစ်နှစ်နီးပါးအကြာမှာတော့ မြဝတီကနေ တစ်ဆင့်တင်သွင်းနေပြီး KNU အတွက် အဓိက အကျိုးအမြတ်ရရှိနေတဲ့ ထိုင်းသွင်းကုန်တွေကို မြန်မာဘက်က အဝင်မခံ စိစစ်မှုစနေတာကြောင့် လက်နက်ကိုင်တွေရဲ့ ဝင်ငွေစီးကြောင်းတစ်ခုကို ယာယီဖြတ်တောက်ထားနိုင်ပြီဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ Thai PBS သတင်းဌာနက ဖော်ပြရာမှာ မြန်မာနိုင်ငံပြည်မကို တင်ပို့မယ် ထိုင်းကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားကြီး ၅၀၀ ခန့်ဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ မဲဆောက်-မြဝတီ နယ်စပ်ဂိတ် (၂) ရှေ့မှာ မနေ့ကစ ပိတ်မိနေပြီး တပ်မတော်က ကုန်စည်ပို့ဆောင်မှုအပေါ် ထိန်းချုပ်မှုကို တင်းကျပ်လိုက်တာကြောင့်လို့ ဖော်ပြထားပါတယ်။
ဒီလိုလုပ်ဆောင်မှုဟာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရားမဝင်သွင်းကုန်တွေ ဖမ်းဆီးမှုပိုမိုကြပ်မတ်ဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းတွေကို အရေးယူဖို့ပါ ပြောခဲ့တာကြောင့်လို့ ဖော်ပြခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဩဂုတ် ၁၂ ရက်မှာ နယ်စပ်ဒေသက လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ တရားမဝင်ကုန်သွယ်မှုကရရှိနေတဲ့ ဆက်ကြေးတွေနဲ့ သူတို့အင်အားကို ပိုမိုတည်ဆောက်လာနေတာကြောင့် တရားမဝင်ကုန်သွယ်ရေးကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ မှာကြားခဲ့တာတွေကြောင့်ဖြစ်ပါတယ်။
“ထိုင်းကုန်တင်ကားတွေကို ပိတ်ထားတဲ့ကိစ္စက နောက်တောင်ကျနေသေးတယ်။ အမှန်က အာရှလမ်းကို ပိတ်လိုက်ကတည်းက ထိုင်းနဲ့ ကုန်သွယ်မှုကို ရပ်ပစ်လိုက်ရမှာ။ တောလမ်းက အတက်အဆင်းလုပ်နေတဲ့ ကားတွေကို ဖမ်းရမှာ။ KNU ကို မွေးထားတာ ထိုင်းပဲ။ စောကွယ်ထူးဝင်း (KNU ဥက္ကဋ္ဌ) ရော နယ်ဒါးမြ( KTNL ဥက္ကဋ္ဌ ) ပါ ထိုင်းနိုင်ငံသား ခံယူထားသူတွေပဲ။ အခုတောလမ်းကို ဖွင့်ပေးထားတဲ့အတွက် သိန်းပေါင်း ကုဋေနဲ့ချီပြီး လက်နက်ကိုင်တွေရသွားတာ။”လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူတစ်ဦးက ဆိုထားပါတယ်။
KNU နဲ့ PDF တွေဟာ ၂၀၂၃ ဒီဇင်ဘာလကတည်းက မြို့သိမ်းတိုက်ပွဲခေါင်းစဥ်အောက်မှာ ကော့ကရိတ်မြို့ကို ဝင်သိမ်းပြီးချိန်ကစ အာရှလမ်းမကြီးကို ပိတ်ထားလိုက်တာကြောင့် ထိုင်းနိုင်ငံကနေ သွင်းကုန်၊ ပို့ကုန်ပို့တဲ့ လုပ်ငန်းတွေဟာ KNU နဲ့ PDF ကို ကားတစ်စီးသိန်းဆယ်ချီ ဖြတ်သန်းခ ဆက်ကြေးပေးနေရတာကြောင့် လစဥ်ကျပ်သိန်းပေါင်း သောင်းချီ အကျိုးအမြတ်ရနေခဲ့ပါတယ်။ KNU နဲ့ PDF တွေက ဒီလို ဆက်ကြေးရမှုနောက်မှာ ချမ်းသာကြွယ်ဝလာပြီး အင်အားတိုးချဲ့ တည်ဆောက်လာနိုင်ပေမဲ့ ဒီအင်အားတိုးချဲ့မှုနောက်ကပါလာတဲ့ စစ်ပွဲနဲ့ ဆက်ကြေးတောင်းမှုကြောင့် မြင့်တက်လာတဲ့ကုန်စျေးနှုန်းဒဏ် ပြည်သူတွေက အဆမတန်ခံနေရပြီး ထိုင်းထုတ်ကုန်တွေဟာဆို ပြည်တွင်းစျေးကွက်မှာ အရင်ထက်လေးဆလောက် စျေးတက်နေပါတယ်။
ဩဂုတ် ၁၅ ရက်ကစ ထိုင်းသွင်းကုန်တွေ မြန်မာဘက်ခြမ်းက အဝင်မခံတော့သလို ဒီနေ့မှာလည်း အမှတ် (၂) တံတားကို ပိတ်ဆို့ထားလိုက်တာကြောင့် ကုန်သွယ်မှုပြတ်တောက်မှာ စိုးရိမ်နေကြပေမဲ့ နယ်စပ်ကုန်သွယ်မှုကို ပိတ်လိုက်ရင် ထိုင်းနဲ့က ပင်လယ်ရေကြောင်းကုန်သွယ်မှုပြုနေပါသေးတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုကလည်း တစ်နှစ်ကျော်ကြာလုပ်ဆောင်နေတာဖြစ်လို့ ထိုင်းကုန်စည်အချို့ စျေးကွက်ထဲမှာ အနည်းငယ်ပြတ်တောက်ရုံကလွဲရင် ထူးကဲပြီး ဒုက္ခရောက်စရာအကြောင်းမရှိဘဲ အခက်တွေ့မှာက KNU နဲ့ PDF တွေပါ။ ဥပမာအားဖြင့် ကျားဖြူစစ်ကြောင်းခေါင်းဆောင် PDF ကိုဇွဲဟာ အာရှလမ်းမကြီးပိတ်ပြီးလို့ လပိုင်းအတွင်းမှာ မူလပတ်နေကြ နာရီအစုတ်လေးကနေ အနည်းဆုံး သိန်း ၃၀၀ တန်တဲ့ Hublot နာရီ လဲလိုက်သလို လက်ရှိမှာလည်း သိန်းထောင်ချီတန်တဲ့ Rolex နာရီပတ်တာမျိုး ဆက်ကြေးတောင်းတာရလို့ ထင်သလိုဖြုန်းနိုင်မှုတွေ ထိခိုက်သွားမှာဖြစ်သလို လတ်တလော လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ KNLA စစ်ဦးစီးချုပ် စောဂျော်နီရဲ့သားဆိုသူ ဒေါ်လာလေးသိန်းလောက်တန်တဲ့ Richard Mile နာရီပတ်ပြီး ပြည်ပမှာ စည်းစိမ်ခံပြနေတာမျိုးတွေလည်း အနည်းနဲ့အများ ထိခိုက်သွားမှာပါ။ ဒီလက်နက်ကိုင်တွေ စီးပွားဖြစ်နေတဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ခြင်းအားဖြင့် စစ်ပွဲတွေ ဆင်နွှဲနေမှု ရပ်ဆိုင်းသွားတာမျိုးအထိ ဖြစ်လာမှာမို့လို့ နိုင်ငံနဲ့ ပြည်သူအဖို့ အကျိုးမရှိတဲ့ ဒီစစ်ပွဲတွေ ရပ်စေချင်ရင် ဘယ်လိုနည်းလမ်းသုံးသုံး လက်ခံနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို တစ်ဖက်မှာတော့ ပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းရမှာပါ။

◾️ မန္တလေးငလျင်ကြီးကြောင့် ကျပ်ဘီလျံ ၈၀၀၀ နီးပါးထိခိုက်မှု
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာမှာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ် ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သာသနာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အစိုးရ စက်ရုံ/အလုပ်ရုံ၊ ရုံးအဆောက်အဦစတဲ့ အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှုက ငွေကျပ် ၄၇၇၉ ဘီလျံကျော် ဖြစ်ပြီး လူနေအိမ်၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေ၊ ဆေးရုံ/ ဆေးခန်းတွေနဲ့ စိုက်ပျိုးသီးနှံ အစရှိတဲ့ ပုဂ္ဂလိကကဏ္ဍဆုံးရှုံးမှုက ငွေကျပ် ဘီလျံ ၃၂၀၀ ကျော် ဖြစ်တဲ့အတွက် စုစုပေါင်းဆုံးရှုံးမှုဟာ မြန်မာကျပ်ငွေ ဘီလျံ ၇၉၇၉ ကျော် (အမေရိကန်ဒေါ်လာ သန်း၃၈၀၀) ခန့် ဖြစ်လာတယ်လို့ သိရပါတယ်။
ဒီလိုထိခိုက်မှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနဲ့အညီ ကဏ္ဍအလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာမှာ အခြေခံပညာကျောင်းအားလုံးကို ကျောင်းဖွင့်ချိန်မှာ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆေးရုံ၊ ဆေးခန်းတွေကိုလည်း ဖွင့်လှစ်ဆောင် ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လမ်းပျက်စီးမှုရဲ့ ၉၄ ဒသမ ၄၃ ရာခိုင်နှုန်း၊ တံတားပျက်စီးမှုရဲ့ ၃၈ ဒသမ ၈၃ ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက် ပျက်စီးမှုကို ၉၆ ဒသမ ၃၉ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်သလို ဆက်သွယ်ရေးကဏ္ဍမှာလည်း ဆက်သွယ်မှုရဲ့ ၉၇ ဒသမ ၁၉ ရာခိုင်နှုန်း ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း ပြုပြင်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးမြောက် အောင်မြင်စေရေးအတွက် ကဏ္ဍအလိုက်၊ အဖွဲ့အစည်းအလိုက် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကိုလည်း နိုင်ငံတော်က ပံ့ပိုးကူညီပေးရာမှာ ငလျင်ဘေး စတင်ဖြစ်ပွားချိန်ကနေ ဩဂုတ် ၁၁ ရက်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကနေ ဘေးသင့်ပြည်သူတွေ တိုက်ရိုက်အကျိုးခံစားခွင့် ရရှိစေမယ့် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် ကျပ်ငွေ ၄၂ ဒသမ ၀၉၄ ဘီလျံကျော်၊ သေဆုံးသူရဲ့ မိသားစုတွေကို ထောက်ပံ့မှုအတွက် ကျပ်ငွေ ၄ ဒသမ ၇၃၃ ဘီလျံကျော်၊ ဒဏ်ရာရသူတွေအတွက် ကျပ်ငွေ သုည ဒသမ ၁၇၅ ဘီလျံ၊ နေအိမ်တွေ ပြန်လည် တည်ဆောက်ဖို့ ကျပ်ငွေ ၁၆၀၅ ဒသမ ၅၇၁ ဘီလျံကျော် စုစုပေါင်းကျပ်ငွေ ၁၆၅၂ ဒသမ ၅၇၃ ဘီလျံကျော်ကို ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျပ်ငွေ ၃၄၀ ဘီလျံကျော်ကို သုံးစွဲပြီးဖြစ်တဲ့အပြင် ပြည်တွင်း/ပြည်ပက လှူဒါန်းတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကိုလည်း ဘေးသင့်ဒေသတွေဆီ အချိန်နဲ့တစ်ပြေးညီ ဖြန့်ခွဲထောက်ပံ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
တကယ်တော့ မန္တလေးငလျင်ကြီးဟာ SAC အစိုးရလက်ထက် ဖြစ်ပွားခဲ့တဲ့ သဘာ၀ဘေးတွေထဲ ထိခိုက်မှုအကြီးဆုံးဖြစ်သလို ကမ္ဘာ့ဘဏ်ကဆိုရင် ပျက်စီးဆုံးရှုံးမှုက ဒေါ်လာ ၁၁ ဘီလျံဖိုးလောက်အထိရှိတာကြောင့် စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဘက်စုံ ဆုတ်ယုတ်မှုနဲ့တွက်ဆရင် ပြန်လည်ထူထောင်ဖို့ ကြာမြင့်မှာဖြစ်လို့ ဒီအကျိုးဆက်ကြောင့် မြန်မာ့စီးပွားရေးပါ ကျဆင်းမယ်လို့ ခန့်မှန်းခဲ့သေးတာပါ။ နိုင်ငံရေးအကျပ်အတည်းကြောင့် ကူညီထောက်ပံ့သူ မရသလောက်အခြေအနေနဲ့ ဒေါ်လာ သန်း ၅၀၀ ဖိုးတောင် မပြည့်တဲ့ ပြည်ပထောက်ကူမှုကြားမှာ အချိန် လေးလနဲ့ ပြန်လည်နာလန်ထူမှု မြန်ဆန်တာ၊ ဒီလိုမြန်ဆန်တာကြောင့် ပျက်စီးထိခိုက်တဲ့ လုပ်ငန်းတွေ ပြန်လည် လည်ပတ်မှု စတင်လာနိုင်တာဟာ အစိုးရ ကြိုးပမ်းမှုကြောင့်သာဖြစ်လို့ မချီးကျူးချင်ရင်တောင် အသိအမှတ်တော့ ပြုပေးရမှာပါ။
◾️ လှုပ်ခတ်ဆဲ မြေရှား
ဂျပန်သတင်းဌာန Nikkei Asia က ဖော်ပြလာတဲ့ China pressures Myanmar rebels in bid to lock down rare-earth supplies ဆောင်းပါးမှာဆို မြန်မာနိုင်ငံနဲ့ပြည်သူတွေအဖို့ နှမြေတသဖြစ်ချင်စရာအချက်အဖြစ် မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်မှုရဲ့ ၈ ရာခိုင်နှုန်းခန့်ကို ၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး တရုတ်နဲ့ အမေရိကန်နောက် တတိယနေရာမှာ ရပ်တည်ခဲ့ပေမဲ့ ဒီသတ္တုတွေအကုန်လုံးကို တရုတ်ကို တင်ပို့နေရပြီး ဒီလို တင်ပို့မှုတွေမှာ ၂၀၂၁ ခုနှစ်မှာ တပ်မတော်က အာဏာမထိန်းသိမ်းမီ NLD အစိုးရဟောင်းကာလ လေးနှစ်အတွင်း မြန်မာ့မြေရှားသတ္တုတင်ပို့မှုက အမေရိကန်ဒေါ်လာ ၆၆၅ သန်းသာရှိခဲ့ပေမဲ့ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အတွင်း တင်ပို့မှုက ၅ ဆကျော်အထိ မြင့်တက်ပြီး ဒေါ်လာ ၃ ဒသမ ၆ ဘီလျံခန့်အထိ ရောက်ရှိခဲ့တယ်ဆိုတာပါ။
ဒီလို တင်ပို့မှု ဒေါ်လာ ၄ ဘီလျံကျော်ဟာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှု ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်ထက် သန်း ၄၀၀ ကျော်ပိုများနေလို့ မြေရှားကရငွေသာ နိုင်ငံတော်မှာရှိခဲ့ရင် မြန်မာ့ငလျင်ဘေးအခက်အခဲကို ပိုမိုလွယ်လွယ်ကူကူကျော်ဖြတ်နိုင်မှာဖြစ်ပေမဲ့လည်း တကယ့်လက်တွေ့မှာတော့ ဒီမြေရှားတင်ပို့မှုက အကျိုးအမြတ်ကို UWSA နဲ့ KIA အပါအဝင် လက်နက်ကိုင်တွေကပဲ ရရှိသွားကြပြီး ဒီလိုမျိုး ရရှိမှုအကျိုးဆက်ဟာ လက်နက်ကိုင်တွေရဲ့ မိသားစုတွေ ပြည်ပမှာ ထင်သလို နေနိုင်ခွင့်နဲ့ စစ်ပွဲတွေကိုဖြစ်စေတဲ့အကျိုးဆက်ဖြစ်လာစေခဲ့တာပါ။ စစ်တမ်းတွေအရလည်း သယံဇာတတွေ၊ နယ်မြေတွေချုပ်ကိုင်ထားပြီး စီးပွားဖြစ်ရာဒေသတွေက ပြည်တွင်းစစ်ကို ဖန်တီးကြတာမို့လို့ နိုင်ငံနဲ့ပြည်သူဟာ သယံဇာတထွက်လေ ပြည်နာလေဖြစ်နေပြန်ပါသေးတယ်။ အခု ဩဂုတ် ဒုတိယအပတ်မှာဆိုရင်လည်း ဖားကန့်မှာ ကျပ်သိန်းပေါင်း ဆယ်ချီတန်တဲ့ ပြည်တန်ကျောက်တစ်လုံး ဝှေခါမှာ ထွက်တာကို KIA က ကျပ်သိန်း ၂ သိန်း ၆ သောင်းနဲ့ အောက်စျေးဖြတ်ပြီး ဝယ်သွားတယ်ဆိုတဲ့သတင်း ထွက်ခဲ့သေးတာမို့ ဒီမိုကရေစီတော်လှန်ရေးအရေခြုံအောက်မှာ KIA အပါအဝင် လက်နက်ကိုင်တွေ ဘယ်လောက်တောင် ကြွယ်၀နေလဲဆိုတာ မြင်သာစေပါတယ်။ လက်ရှိမှာလည်း မြေရှားဟာ တရုတ်၊ အမေရိကန်၊ ကချင်နဲ့ မြန်မာနိုင်ငံဆိုပြီး အဖွဲ့အစည်းလေးခုအကြားမှာ လှုပ်ခတ်နေဆဲဖြစ်ပေမဲ့ ပင်ရင်းခံစားခွင့်ရရမယ့် အမိမြန်မာနိုင်ငံနဲ့ ပြည်သူတွေကတော့ သယံဇာတဝင်ငွေအစား ကျည်ဆံတွေ၊ ဗုံးတွေ၊ ဘ၀ပျက်မှုတွေပဲ ရနေတာမို့လို့ ဒီအခြေအနေကို တပ်မတော်က ဘယ်လိုထိန်းကျောင်းမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေပါလို့ သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
