
၁၈.၈.၂၀၂၅
Written by Thiri
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အဝင် လမ်းဘေး ဘောစကိုင်းခြုံထဲမှာ မီးဖွားပြီး စွန့်ပစ်ခဲ့တဲ့ သားယောကျ်ားလေးတစ်ဦးကို လူမှုကူညီရေးအသင်း-ကျောက်ဆည်က သိရှိကူညီပြီး ဆေးရုံတင်ပို့ပေးခဲ့ရတဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပါတယ်။
ကလေးက ကိုးပေါင်ခန့်ရှိကာ အချင်းအိတ်နဲ့ ဆက်လျက် သွေးတွေစိုစွတ်နေတဲ့ ပုဆိုးခင်းတစ်ခုပေါ်မှာ စွန့်ပစ်ထားခဲ့တာပါ။ အဆိုပါ ကလေးစွန်ပစ်ခံရတဲ့ နေရာက လေဆိပ်သွားတဲ့လမ်း ဘေးမှာဖြစ်ပြီး လူသူလည်း ပြတ်လပ်တဲ့အတွက် ဘယ်သူက မွေးပြီး ထားသွားသလဲဆိုတာကို မသိရှိရဘူးလို့လည်း လူမှုကူညီရေးအသင်း-ကျောက်ဆည်မှ တာဝန်ရှိသူက ဆိုပါတယ်။
လူမှုကူညီရေးအသင်း-ကျောက်ဆည်မှ တာဝန်ရှိသူက “အဲ့ဒီနေရာမှာတင်မွေးသွားတာ ကလေးကို။ သွေးတွေလည်း အိုင်နေတယ်။ ကလေးကံလို့ ပြောရမယ်။ လူပြတ်တဲ့နေရာပေမယ့် မြက်ရိတ်သွားတဲ့လူတွေက ကလေးကိုတွေ့လို့ ကျွန်တော်တို့ကို အကြောင်းကြားတာနဲ့ သွားခေါ်ယူဖြစ်တယ်။ ကလေးက မီးဖွားထားတာ ကြာသေးပုံတော့ မရဘူး။ တစ်နာရီလောက်အတွင်း သိရှိကူညီနိုင်ခဲ့တာဖြစ်မယ်။ တွေ့တော့ သွေးတွေတောင်မခြောက်သေးဘူး” လို့ MT News ကို ပြောပါတယ်။
စွန့်ပစ်ခံရတဲ့ သားငယ်ကို အချင်းဖြတ်တောက်နိုင်ဖို့ ကျောက်ဆည် ပြည်သူ့ဆေးရုံကြီးဆီ လူမှုကူညီရေးအသင်းကခေါ်ဆောင်သွားခဲ့ပြီး ဆေးရုံက လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံကာ အသားဝါရှိ မရှိ နှစ်ရက်ခန့် ဆေးရုံတင်ထားပြီး စောင့်ကြည့်မယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးအခြေအနေ စိတ်ချရတဲ့အခြေအနေရောက်ပြီဆိုရင်တော့ ကျောက်ဆည်အခြေစိုက် သောကြာကြယ်မိဘမဲ့ ပရဟိတဂေဟာကို ပို့ဆောင်ကာ စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
