၁၈.၈.၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်းနမ်ပြည်နယ် ယောဆုမြို့မြောက်ဖက်ဆိပ်ကမ်းသစ်မှာ ဖြစ်ပွားခဲ့တဲ့ တန်ချိန် ၂၆၉၂တန်ရှိ ရေနံထွက်ပစ္စည်းတင်သင်္ဘောနဲ့ ၎င်းနံဘေးရှိ ၂၄ တန် ကုန်တင်သင်္ဘောတို့ မီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့ဖြစ်စဉ်အတွင်း ပြင်းထန်မီးလောင်ဒဏ်ရာ ရရှိခဲ့တဲ့ မြန်မာသင်္ဘောသားတစ်ဦး ဒီနေ့ ဩဂုတ် ၁၈ ရက် မနက်အစောပိုင်းက ဘူဆန်မြို့ရှိ ဆေးရုံပေါ်မှာ ကုသမှုခံယူနေစဉ် ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
ရေနံထွက်ပစ္စည်းတင်သင်္ဘောမှာ ဓာတုဗေဒပစ္စည်း ၂၅၀၀ တန်နဲ့ ရေနံ တန် ၁၀၀ ပါရှိကာ သင်္ဘောသား စုစုပေါင်း ၁၄ ဦးပါရှိတယ်လို့ သိရပါတယ်။ အဆိုပါ သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားနှစ်ဦး မီးလောင်မှုမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံအတွင်းလူနာအဖြစ် ကုသမှုခံယူရင်း သေဆုံးသူမှာ အသက် ၃၀ အရွယ် ကိုအောင်သက်ပိုင်လို့ သိရပါတယ်။ ဒီနေ့မနက် ၃ နာရီ ၁၉ မိနစ်အချိန်က ရရှိဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့တာလို့ ကိုရီးယားရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူထံကနေ သိရှိရပါတယ်။
ကိုအောင်သက်ပိုင်နဲ့အတူ ဒဏ်ရာရရှိတဲ့ မြန်မာသင်္ဘောသား နောက်တစ်ဦးကတော့ အသက်နှစ်ဆယ်တန်းလို့ သိရှိရပြီး ညာဘက်လက်သာ အနည်းငယ် မီးဟပ်ခံရတဲ့ မပြင်းထန်ဒဏ်ရာရရှိခဲ့တာမို့ ဆေးရုံမှဆင်းကာ အဆောင်မှာ ပြန်လည် အနားယူနေပြီလို့လည်းသိရပါတယ်။
သေဆုံးသူကိုအောင်သက်ပိုင်က ရေနံချောင်း ဇာတိဖြစ်ပြီး မွေးချင်း ၄ ယောက်ရှိကာ ဒုတိယမြောက်သားလို့ သိရပါတယ်။ ကိုအောင်သက်ပိုင်ရဲ့ ဈာပနအတွက် ဇနီးဖြစ်သူက ကိုရီးယားနိုင်ငံကို သွားရောက်မယ်လို့လည်း သိရပါတယ်။
အခင်းဖြစ်ပွားပုံက ပြီးခဲ့တဲ့ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၄ မိနစ်အချိန်ခန့် ဂယောင်းနမ်ပြည်နယ် ယောဆုမြို့ မြောက်ဖက်ဆိပ်ကမ်းသစ်မှာ ၂၆၉၂တန် ရေနံထွက်ပစ္စည်းတင်သင်္ဘောနဲ့ ၎င်းဘေးမှာရှိနေတဲ့ ၂၄ တန် ကုန်တင်သင်္ဘောတို့ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သင်္ဘောငယ်ပေါ်က လုပ်သားလေးဦးအနက် အသက် ၅၀ နှစ်အရွယ်မာလိန်မှူး မီးခိုးမွှန်ကာ သေဆုံးခဲ့သလို သင်္ဘောကြီးပေါ်မှလည်း မြန်မာလုပ်သားတစ်ဦး မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံပေါ် နှစ်ရက်ကြာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ၎င်းမီးလောင်ကျွမ်းမှုကို ကမ်းခြေစောင့်တပ်မှ သင်္ဘော ၁၅ စီး မီးသတ်သင်္ဘော တစ်စီးတို့နဲ့ အရေးပေါ်မီးငြိမ်းသတ်ခဲ့ရာ မနက်၇ နာရီ ၄၅ မိနစ်မှာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
