◾️ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဝင်းကို PDF တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ လုံခြုံရေးဝန်ထမ်းသေဆုံး
၁၈. ၈. ၂၀၂၅
Written by Nay Moe
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဗြန်ဒီကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF သုံးဦးက ဒလန်ဟု စွပ်စွဲကာ နေအိမ်အထိလာဖမ်းပြီး လယ်ကွင်းထဲ သတ်ဖြတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဗြန်ဒီကျေးရွာအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်စိန်(၅၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF သုံးဦး(စိစစ်ဆဲ) ရောက်ရှိလာကာ “ဒလန်” ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာ၏ အရှေ့တောင်ဘက် ၃ ဖာလုံခန့်အကွာရှိ လယ်ကွင်းအတွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်မြင့်စိန်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဝင်းအတွင်းသို့ PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်လုပ်ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ အစောင့်ဝန်ထမ်းဖြစ်သူ ဆားလင်းကြီးမြို့နယ်၊ ဝါးတန်းကျေးရွာနေ ဦးကျော်နိုင်(၄၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာ ဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
