၁၈.၈.၂၀၂၅
Written By Zun
ရှမ်းတို့၏ ဒေသအတွင်း လာရောက်အကြမ်းဖက်ကာ တိုက်ပွဲဆင်နွှဲနေသော MNDAA နှင့် TNLA အကြမ်းဖက်အဖွဲ့များကို ကွန်ဟိန်းဒေသခံများက ယနေ့ သြဂုတ်လ ၁၈ ရက် နံနက်တွင် မောင်းထုတ်ခဲ့ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့ပေါ်နှင့် ကျေးရွာဒေသခံများက အကြမ်းဖက် MNDAA ၊ TNLA အဖွဲ့များ ထွက်သွားရန် မောင်းထုတ်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ သြဂုတ်လ ၁၈ ရက် နံနက် ၉ နာရီခန့်က စတင်ပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။
ယင်း ဆန္ဒဖော်ထုတ်သူများက ကွန်ဟိန်းမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဟိတကာရီခန်းမရှေ့မှ စတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် MNDAA ၊ TNLA အကြမ်းဖက်များ ထွက်သွားဟုလည်းကောင်း၊ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်မှု ရပ် ဟူ၍ လည်းကောင်း၊ ပြည်နယ်ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် အကြမ်းဖက်မှုများ အလိုမရှိဟူ၍လည်းကောင်း စသည့် ဗီနိုင်း၊ ပိုစတာ၊ ဆောင်ပုဒ်များ ကိုင်ဆောင်တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ငြိမ်းချမ်းစွာစီတန်းလှည့်လည်သူများက အမှတ်(၁)ရပ်ကွက်၊ ဟိတကာရီခန်းမရှေ့မှစတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အမှတ်(၃) ရပ်ကွက်၊ ရတနာသုခဘုန်းကြီးကျောင်းထိ ချီတက်ခဲ့ကြကြောင်းလည်း သိရသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် ကွန်ဟိန်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ တိုင်းရင်းသားပြည်သူ စုစုပေါင်း အင်အား ၇၂၀ ခန့် ပါဝင်ကြောင်း သိရသည်။









