၁၈. ၈. ၂၀၂၅
Written by Nay Moe
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်း တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းဟာ ဒီးမော့ဆိုတိုက်ပွဲမှာ ကျည်ထိသေဆုံးတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
အသက် ၂၆ နှစ်အရွယ် မောင်ကျော့ကင်းဟာ သေဆုံးချိန်မှာ ၄ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ၆ လအရွယ် ကလေးတစ်ယောက် ကျန်ရစ်ခဲ့တယ်လို့လည်း သိရပါတယ်။
မောင်ကျော့ကင်းဟာ KNDF တပ်ရင်း ၈ က ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) ကို တက်ရောက်ခဲ့ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စတင်ပြီး KNDF တပ်သားအဖြစ် လက်နက်ကိုင်တာဝန်ထမ်းဆောင်ခဲ့ပြီး တစ်နှစ်ခွဲအကြာမှာ အခုလိုသေဆုံးသွားတာပါ။
မောင်ကျော့ကင်းတို့ ညီအစ်ကိုနှစ်ယောက်စလုံးဟာ KNDF လက်နက်ကိုင်တွေအဖြစ် အတူတူ တာဝန်စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ရှေ့တန်းထွက်ဖို့ တစ်ကြိမ်တစ်ခါမှ မငြင်းဆိုခဲ့ဖူးတဲ့သူတွေ ဖြစ်တယ်လို့ KNDF တပ်ရင်း (၈) က ဆိုပါတယ်။
ကရင်နီအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PKPF စစ်တမ်းအရ ဒီနှစ်အစကနေ ဇွန်လကုန်အထိ ကရင်နီ (ကယား) လက်နက်ကိုင် ၁၃၀ ခန့် သေဆုံးထားသလို KNDF လက်နက်ကိုင်အဖွဲ့မှာလည်း နွေဦးတော်လှန်ရေးကာလအတွင်း ၄၀၀ နဲ့ ၅၀၀ အကြား သေဆုံးထားလို့ KNDF စစ်ရေးချုပ် ခူရီးဒူကတော့ ဒီတစ်ပွဲမှ မနိုင်ရင် လက်နက်စွန့်ကြဖို့ တိုက်တွန်းထားပြီး “ဒီတစ်ခါ၊ ဒီတစ်ကြိမ်မှ မစုစည်း၊ မညီညွတ်နိုင်ရင် လက်နက်စွန့်ကြပါ။ နေ့စဉ် ရဲဘော်၊ ပြည်သူတွေ အသက်ပေးကြတာကို မြင်အောင်ကြည့်ကြ။ စာနာကြ။ ကိုယ်ချင်းစာကြ။”လို့ လူမှုကွန်ရက်မှာ ရေးသားထားတဲ့အပေါ် စစ်ပွဲတွေက ပြည်သူနဲ့ မြို့ရွာအိုးအိမ်ပဲ ထိခိုက်ပျက်စီးနေရတာ တွေ့နေရတာကြောင့် ဒီအကျိုးမဲ့စစ်ပွဲကို ဆက်မတိုက်ဘဲ လက်နက်စွန့်သင့်ကြောင်း ထောက်ခံမှုတွေလည်း တွေ့ရပါတယ်။
