
၁၅. ၆. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ပထုံဌာနီပြည်နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက သူမ၏ခင်ပွန်းဖြစ်သူသည် မြန်မာနိုင်ငံသားတစ်ဦး သွားရည်စာခိုးယူနေသည်ကို တွေ့မြင်နေရသော်လည်း တည်ငြိမ်စွာတုံ့ပြန်နေသည့် ဗီဒီယိုကို TikTok တွင် မျှဝေခဲ့ပြီးနောက် လူမှုကွန်ရက်အသုံးပြုသူများအကြား ရေပန်းစားခဲ့သည်။
ဆိုင်ပိုင်ရှင် စုမာလီ ဝေါင်ဂင့်တဝမ်သည် သူမ၏ TikTok အကောင့် @su.pananchita995 တွင် အဆိုပါဗီဒီယိုကို သြဂုတ်လ ၁၂ ရက်နေ့တွင် “#GoodHusbandIsNewHusband #ThisIsMyHusbandLol”. ဟူသော စာသားများဖြင့် တင်ခဲ့သည်။ ၎င်းစာသားသည် သူမခင်ပွန်း၏ အလွန်အမင်းတည်ငြိမ်နေမှုကို နောက်ပြောင်လိုခြင်းဖြစ်သည်။
ဗီဒီယိုတွင် ဆိုင်ပိုင်ရှင်အမျိုးသားသည် သွားရည်စာများထည့်ထားသည့် ပုံးနှစ်ပုံးကို သယ်ဆောင်ကာ ဆိုင်ထဲမှ ထွက်ခွာသွားသည့် ခိုးယူသူကို စောင့်ကြည့်နေသည်ကို တွေ့ရသည်။ သူမအမျိုးသားက “ဟေ့၊ ဘာဖြစ်တာလဲ။ ဘာတွေလုပ်နေတာလဲ” ဟူ၍ အေးဆေးတည်ငြိမ်စွာ အော်ပြောနေခဲ့သည်။

ခိုးယူသူသည် ဆိုင်ရှင်က သတိထားမိနေကြောင်း သိရှိပုံရသော်လည်း ဆက်လက်ခိုးယူသွားခဲ့သည်။ ဗီဒီယိုအဆုံးတွင် ဆိုင်ပိုင်ရှင်အမျိုးသားက ခိုးယူသူ ထွက်သွားသည့်လမ်းကြောင်းကို ထွက်ကြည့်ခဲ့သော်လည်း သူခိုးက မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မသိရှိပုံရပေ။
ထိုဗီဒီယိုအောက်တွင် လူမှုကွန်ရက်အသုံးပြုသူများက Sumalee ၏ခင်ပွန်းသည် ရယ်စရာကောင်းသည်ဟု မှတ်ချက်ပေးခဲ့ကြပြီး၊ အချို့ကမူ ၎င်း၏တည်ငြိမ်မှုနှင့် ကြင်နာမှုကို ချီးကျူးခဲ့ကြသည်။ အချို့မှတ်ချက်ပေးသူများက ခိုးယူသူသည် လက်နက်ပါလာနိုင်သောကြောင့် အသက်အန္တရာယ်မဖြစ်စေရန် သတိထားလုပ်ဆောင်ခြင်းသည် မှန်ကန်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။
မှတ်ချက်များတွင် “ဒါတကယ်ကို ရှုပ်ထွေးနေတယ်။ ပိုင်ရှင်က ကြည့်နေတာတောင် သူကယူသွားတယ်။”၊ “သင့်ယောကျ်ားက အိမ်အထိ ကူသယ်မပေးတာဘဲ ကျေးဇူးတင်ရမှာ။”၊ “ခင်ဗျားက တအားတည်ငြိမ်လွန်းတယ်ဗျာ။”၊ “သွားရည်စာတွေနဲ့အတူ ရေသောက်ဖို့ ရေတစ်ဘူးပါ ပေးလိုက်သင့်တယ်။”၊ “သူတို့က သူငယ်ချင်းတွေလား။”၊ “ဒီလူလုပ်တာ မှန်တယ်။ သွားရည်စာတွေအတွက် အသက်ကို စွန့်စားလို့မရဘူး။” ဟူ၍ ရေးသားခဲ့ကြသည်။
နောက်ပိုင်းတွင် စုမာလီက ခင်ပွန်းဖြစ်သူသည် နောက်ဆုံး၌ ခိုးယူသူကို ရှာတွေ့ပြီး လိုက်သွားခဲ့ကြောင်း Seing Mualchon သတင်းအေဂျင်စီသို့ အသေးစိတ်ပြောပြခဲ့သည်။ ခိုးယူသူသည် စိတ်ကျန်းမာရေးမကောင်းပုံရသည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ၎င်းက ပြောပြသည်။
သူမ၏ခင်ပွန်းသည် ခိုးယူခံရသော သွားရည်စာများကို ပြန်လည်ရရှိပြီး ဆိုင်သို့ ပြန်ထားခဲ့သည်။ စုမာလီက ခိုးယူသူ၏လုပ်ရပ်သည် စိတ်အခြေအနေကြောင့်ဟု ယုံကြည်သောကြောင့် ရဲကိုတိုင်ကြားခြင်းမပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နောက်တစ်ကြိမ် လာရောက်ပြီး အစားအသောက်တောင်းပါကလည်း ပေးမည်ဟု ပြောဆိုခဲ့သည်။
Ref , The Thaiger
