◾ အခမဲ့နေ့လယ်စာအစီအစဉ်က နိုင်ငံတစ်ဝန်း လူ ၁,၀၀၀ ကျော်အထိ လူအစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့
၁၅.၈.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအလယ်ပိုင်းရှိ ဆရာဂင်မြို့မှာ ကျောင်းကနေကျွေးမွေးတဲ့ အခမဲ့နေ့ လယ်စာကို စားသောက်ပြီးတဲ့နောက် ကျောင်းသူကျောင်းသားတွေအပါအဝင် လူ ၃၆၀ ကျော်ဟာ အစာအဆိပ်သင့်မှုတွေဖြစ်ပွားခဲ့ရတယ်လို့ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၁၄ ရက်က ပြောခဲ့ပါတယ်။
ဒီဖြစ်ရပ်က သမ္မတ ပရာဗိုဝို ဆူဘီယန်တိုရဲ့ ကျောင်းတွေမှာ အခမဲ့နေ့လယ်စာကျွေးမွေးဖို့ အစီအစဉ်ကိုထိခိုက်စေခဲ့တဲ့ နိုင်ငံအတွင်း လူအများဆုံး အစာအဆိပ်သင့်မှု ဖြစ်ပွားတာလည်း ဖြစ်ခဲ့ရပါတယ်။
သမ္မတပရာဗိုဝိုရဲ့ကျောင်းတွေမှာ အခမဲ့နေ့လယ်စာအစီအစဉ်က ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ပြီး အခုဆို နိုင်ငံတစ်ဝန်း လူအစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့တာက စုစုပေါင်း လူ ၁,၀၀၀ ကျော်အထိ သက်ရောက်မှုရှိခဲ့ပြီးတဲ့နောက်မှာတော့ အစီအစဉ်ကို များစွာရုပ်ပျက်စေခဲ့ရပါတယ်။
ဆရာဂင်မြို့အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ အစာအဆိပ်သင့်မှုကြောင့် လူ ၃၆၅ ဦး မကျန်းမာဖြစ်ခဲ့ရကာ နေ့လယ်စာနမူနာကို ဓာတ်ခွဲခန်းမှ စမ်းသပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
အဆိုပါ အစာအဆိပ်သင့်မှုဖြစ်ခဲ့ရာ Gemolong အမှတ်(၁) အလယ်တန်းကျောင်းက အခမဲ့နေ့လယ်စာကိုစားခဲ့တဲ့ ကိုးတန်းကျောင်းသား ဝဇ်ဒန်ရစ်ဟို အဘီမာနျူက သူဟာ ညပိုင်းမှာတော့ အစာအိမ်ကနေ အရမ်းအောင့်ပြီးနာကျင်လာလို့ အိပ်ရာကနိုးလာခဲ့တယ်လို့ ဆိုပါတယ်။ သူက ခေါင်းတွေလည်း ကိုက်နေကာ ဝမ်းသွားနေခဲ့တာကြောင့် လူမှုကွန်ရက်မှ ကျောင်းတက်ဖော်တွေရဲ့ ဒီလိုပဲဖြစ်တဲ့ပို့စ်တွေ တွေ့အပြီးမှာတော့ အစာအဆိပ်သင့်တာလို့ ယူဆရတယ်ဆိုတာ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
သန့်ပြန့်မှုမရှိဘူးလို့ ယူဆရဖွယ်ရှိတဲ့ အခမဲ့နေ့လယ်စာမှာတော့ နနွင်းဆန်ဝါ၊ ကြက်ဥခေါက်ကြော်၊ ထမင်းကြော်၊ သခွားသီးနဲ့ ဆလတ်သုပ်၊ လှီးထားတဲ့ပန်းသီးနဲ့ နွားနို့တစ်ဘူးတို့ပါဝင်ကြပြီး ဗဟိုမီးဖိုချောင်မှာ ချက်ပြုတ်ပြီး ကျောင်းအများအပြားကို ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။ ဓာတ်ခွဲခန်းစစ်ဆေးချက်ရလဒ်တွေ မရမချင်း အဲဒီမီးဖိုချောင်က အစားအသောက်ဖြန့်ဖြူးမှုကို ယာယီရပ်တန့်ခိုင်းထားတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သမ္မတရဲ့ ကျောင်းတွေမှာ အခမဲ့နေ့လယ်စာကျွေးမွေးဖို့ အစီအစဉ်ကို စောင့်ကြည့်ကြီးကြပ်တဲ့ အမျိုးသားအာဟာရအေဂျင်စီက အရင်ဖြစ်ခဲ့တဲ့ အစာအဆိပ်သင့်မှုတွေအပြီးမှာ မီးဖိုချောင်တွေရဲ့လည်ပတ်မှုနဲ့ အစာဖြန့်ဝေမှုအဆင့်ကို မြှင့်တင်ခဲ့ပါတယ်။
အခမဲ့နေ့လယ်စာကျွေးမွေးဖို့အစီအစဉ်ကို ၂၀၂၅ ခုနှစ်ကုန်ရင် ကုန်ကျစရိတ် ရူပီး ၁၇၁ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၂ ဘီလျံ) အထိ တိုးချဲ့သွားဖို့ ရည်မှန်းထားကြတာပါ။
မေလအတွင်းက အနောက်ဂျာဗားမှာဖြစ်ခဲ့ရတဲ့ အစာအဆိပ်သင့်မှုမှာလည်း ကျောင်းသူကျောင်းသား ၂၀၀ ကျော် မကျန်းမာဖြစ်ခဲ့ရပြီး အစာမှာ ဘက်တီးရီးယားပိုးတွေပါဝင်နေတာ ဓာတ်ခွဲခန်းကတွေ့ရှိခဲ့ပါတယ်။
Ref- CNN

