၁၅. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖန်ငပြည်နယ်၌ ရေထဲတွင် ကွန်ကရစ်အလေးတုံးများဖြင့် ချည်နှောင်ထားသော အသက် ၅၁ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လူသတ်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကာ အမှုတရားခံမှာ သေဆုံးသူ၏ အသက် ၂၁ နှစ်အရွယ် ချစ်သူဖြစ်ပြီး ဘားတစ်ခုတွင် အလုပ်လုပ်သူ ဖြစ်သည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၈ ရက်နေ့က ဖန်ငပြည်နယ်၊ တကူပါခရိုင်၊ ကော့ကလွိုင်မြို့နယ်ရှိ သာယိုင်တူးမြောင်းအတွင်း၌ ၎င်းအမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရုပ်အလောင်း၏ လည်ပင်းတွင် သံကြိုးတစ်ချောင်း ပတ်ထားပြီး အလေးချိန်စီးသော ကွန်ကရစ်တုံးနှစ်တုံးဖြင့် ချည်နှောင်ထားသည်။ ရဲတပ်ဖွဲ့က ရုပ်အလောင်းသည် ရေထဲတွင် နှစ်ရက်ခန့်ရှိနေပြီဟု ယူဆသည်။
ခန္ဓာကိုယ် စစ်ဆေးမှုများအရ သေဆုံးသူမှာ အသက် ၅၁ နှစ်အရွယ် မဟာဆာရာခမ်ပြည်နယ်မှ ကံသီရိ (KanSiree) ဖြစ်ကြောင်း သိရှိရသည်။ သူမသည် ဖူးခက်ပြည်နယ်၊ ကသူခရိုင်ရှိ ပထုန်မြို့တွင် နေထိုင်ပြီး နိုင်ငံခြားသားသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်။ သူမတို့စုံတွဲသည် ပထုန်တွင် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီး နိုင်ငံခြားသားချစ်သူ ကွယ်လွန်သွားသောအခါ ၎င်း၏အမွေကို ကံသီရိက ရရှိခဲ့သည်။
အသတ်မခံရမီတွင် ကံသီရိသည် သူမ၏အိမ်ကို ရောင်းရန်ကြိုးစားနေပြီး ဘတ် ၅ သိန်း စရန်ငွေကို ရရှိထားခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ သူမသည် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ပထုန်ရှိ ဘားတစ်ခုတွင် အလုပ်လုပ်သော အသက် ၂၁ နှစ်အရွယ် တီရာဖတ်အမည်ရှိ အမျိုးသားနှင့် ချစ်ကြိုက်ခဲ့သည်။ ထိုအမျိုးသားသည် သူမထက် အသက် ၃၀ ခန့်ငယ်ပြီး ဖူးခက်ရှိ ၎င်းတို့နှစ်ဦးနေထိုင်ရာအိမ်တွင် အတူတူနေထိုင်ခဲ့ကြသည်။
CCTV မှတ်တမ်းများတွင် တီရာဖတ်သည် ကံသီရိ၏ရုပ်အလောင်းကို အိမ်မှထုတ်ယူသွားသည်ကို တွေ့ရသောကြောင့် ရဲများက အိမ်ကို သက်သေခံပစ္စည်းများ ရှာဖွေခဲ့သည်။ ထို့အပြင် ဖန်ငပြည်နယ်ရှိ အခြားအိမ်တစ်အိမ်ကိုလည်း ရှာဖွေရာ သွေးကွက်များပါရှိသော အီဆူဇူ ပစ်ကပ်ကားတစ်စီးကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့သည်။ ထို့နောက် ဖမ်းဝရမ်းထုတ်ကာ သြဂုတ်လ ၁၄ ရက်နေ့တွင် အသက် ၂၁ နှစ်အရွယ် တီရာဖတ်ကို ဖန်ငပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးနိုင်ခဲ့သည်။
လက်ရှိတွင် တီရာဖတ်ကို လူသတ်မှု၊ သေဆုံးမှုကို ဖုံးကွယ်ရန် ရုပ်အလောင်းကို ဖျောက်ဖျက်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ စွန့်ပစ်ခြင်း စသည့် စွဲချက်များဖြင့် ကော့ကလွိုင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
တီရာဖတ်က ၎င်း၏အသက်အရွယ်ကွာခြားမှုကြောင့် မကြာခဏဆိုသလို စကားများရန်ဖြစ်ရာမှ ကံသီရိကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံသည်။ ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့တွင် သူတို့နှစ်ဦးသည် လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှုများကြောင့် အပြင်းအထန် စကားများခဲ့ကြရာ ဒေါသအရှိန်ဖြင့် ကံသီရိ၏ ဦးခေါင်းကို အလေးတုံးဖြင့် ရိုက်နှက်ခဲ့ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကံသီရိ၏ ရုပ်အလောင်းကို ပစ်ကပ်ကားဖြင့် သယ်ယူကာ ဆရာဆင်တံတားပေါ်မှ ရေထဲသို့ ပစ်ချခဲ့ပြီး သူမ၏မိုဘိုင်းဖုန်းနှင့် စာရွက်စာတမ်းများကိုလည်း ယူဆောင်ခဲ့ကြောင်း တီရာဖတ်က ဝန်ခံခဲ့သည်။
Ref, Khaosod


