
၁၅. ၆. ၂၀၂၅
Translated by Thettant
မလေးရှားအခြေစိုက် AirAsia လေယာဉ်သည် တောင်ကိုရီးယားရှိ အင်ချွန်းလေဆိပ်အစား ဂင်ပိုလေဆိပ်တွင် မှားယွင်းဆင်းသက်ခဲ့သဖြင့် ခရီးသည်များ ၂ နာရီခန့် ကြန့်ကြာခဲ့ရပြီး ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။
AirAsia ခရီးစဉ်အမှတ် D7 506 သည် ကွာလာလမ်ပူမှ တောင်ကိုရီးယားသို့ သြဂုတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် ပျံသန်းခဲ့ခြင်းဖြစ်သည်။ မူလစီစဉ်ထားသောအချိန် ည ၇ နာရီ မိနစ် ၅၀ တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရမည့်အစား လေယာဉ်သည် မူလရောက်ရှိရမည့်နေရာနှင့် ကီလိုမီတာ ၄၀ ခန့်အကွာရှိ ဂင်ပိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၈ နာရီ ၈ မိနစ်တွင် မှားယွင်းဆင်းသက်ခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယား JoongAng Daily သတင်းစာ၏ ဖော်ပြချက်အရ လေယာဉ်မှူးက ဆင်းသက်ချိန်တွင် အင်ချွန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ပြတင်းပေါက်မှ အပြင်ဘက်ကို ကြည့်သော ခရီးသည်များက ဂင်ပိုလေဆိပ်ဖြစ်နေကြောင်း သဘောပေါက်ခဲ့ကြသည်။
ခရီးသည်အချို့က လေယာဉ်အမှုထမ်းများပင် အင်ချွန်းလေဆိပ်တွင် မဟုတ်ကြောင်း မသိရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်။ JoongAng Daily သတင်းစာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ခရီးသည် Kim က “ခရီးသည်တစ်ယောက်က အင်ချွန်းမဟုတ်ဘူး၊ ဂင်ပိုကို ရောက်နေတယ်လို့ ပြောပြမှ လေယာဉ်အမှုထမ်းတွေက အံ့သြသွားပြီး ကျွန်တော်တို့ကို ပြန်အတည်ပြုခိုင်းပါတယ်” ဟု ၎င်း၏အတွေ့အကြုံကို မျှဝေခဲ့သည်။ အမှားကို သိရှိပြီးနောက် လေယာဉ်အမှုထမ်းများ စိုးရိမ်ပူပန်ပုံရကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ခရီးသည် Lee ကလည်း The Korea Herald နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အလားတူ ရှုပ်ထွေးမှုများကို ပြောကြားခဲ့သည်။ “ခရီးသည်တစ်ယောက်က ပြောပြတဲ့အထိ လေယာဉ်အမှုထမ်းတွေက ဂင်ပိုမှာ ဆင်းသက်ထားမှန်း မသိကြပါဘူး။ သူတို့ထဲက တစ်ယောက်ဆို အင်ချွန်းမှာ စောင့်နေတဲ့ သူ့မိဘတွေကို ဖုန်းဆက်ရဦးမယ်လို့တောင် ပြောခဲ့ပါသေးတယ်” ဟု Lee က ပြောကြားခဲ့သည်။
လေယာဉ်မှားယွင်းဆင်းသက်မှုကြောင့် ဂင်ပိုလေဆိပ်တွင် ၂ နာရီကြာ ရပ်နားနေစဉ်အတွင်း အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှု အားနည်းခဲ့ကြောင်း Lee က ဝေဖန်ခဲ့သည်။ “သူတို့လည်း ခရီးသည်တွေလိုပဲ ရှုပ်ထွေးနေကြတယ်။ လေယာဉ်ပေါ်မှာ သောက်ရေမရှိသလောက်၊ အစားအစာလည်း မကျန်တော့ပါဘူး။ ကလေးငယ်တွေနဲ့ မိသားစုတွေဆို အထူးပဲ စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်” ဟု ၎င်းက ဆိုသည်။
လေယာဉ်လမ်းကြောင်းပြောင်းရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ခရီးသည် Kim ၏ ပြောကြားချက်အရ လေယာဉ်အဖွဲ့က လေယာဉ်မတည်ငြိမ်မှုနှင့် လောင်စာဆီနည်းပါးမှု စသည့် အကြောင်းပြချက်အမျိုးမျိုးကို ပေးခဲ့ကြောင်း သိရသည်။
လေယာဉ်သည် မူရင်းပန်းတိုင်ဖြစ်သော အင်ချွန်းသို့ နောက်ဆုံးတွင် ည ၁၀ နာရီ ၅၆ မိနစ်တွင် ရောက်ရှိခဲ့သည်။ သို့သော်လည်း အဆိုပါဖြစ်ရပ်အတွက် တရားဝင်တောင်းပန်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း Kim က ပြောကြားခဲ့သည်။
မလေးရှားအခြေစိုက် MalayMail သတင်းဌာနက လေယာဉ် အရေးပေါ်ဆင်းသက်ရခြင်း၏ အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြခဲ့သည်။ AirAsia ကလည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိသေးပေ။
JoongAng Daily မှ ရရှိသော လေယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုတွင် လေယာဉ်အမှုထမ်းတစ်ဦးက လေယာဉ်သည် “လောင်စာဆီနည်းပါးနေပြီး” အရေးပေါ်ဆင်းသက်ရန် လိုအပ်ကြောင်း ပြောနေသည်ကို တွေ့ရသည်။
Ref , The Thaiger
