၁၅. ၈. ၂၀၂၅
Translated by Thettant
စိတ်ဖောက်ပြန်ပြီး လူနှစ်ဦးကို ပစ်ခတ်သွားသည့် ထိုင်းစစ်သားမှာ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ခေါ်ယူကာ ဖျောင်းဖျရန် ကြိုးစားနေသည့်ကြားမှ မိမိကိုယ်ကိုယ် သတ်သေသွားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်၊ ကပ်ချိုင်းခရိုင်တွင် ယနေ့ ဩဂုတ် ၁၅ ရက်သို့ ကူးပြောင်းစ ည ၁၂ နာရီ ၄၅ မိနစ်တွင် တပ်ရင်း ၁၆၂၃ မှ တပ်ဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနှင့် စစ်ရေးတင်းမာနေသော ထိုင်းနယ်စပ် ကပ်ချိုင်းခရိုင်၊ ဝပ်ဘန်ခွီးယန်ကောဘုန်းကြီးကျောင်းအနီးရှိ လမ်းတစ်ခုတွင် သေနတ်ပစ်သံ ၁၀ ချက်ကြားခဲ့ပြီး ည ၁၂ နာရီ ၅၄ မိနစ်တွင် ပစ်ခတ်သံ ၂ ချက်ထပ်မံကြားခဲ့သည်။ ထို့အတွက် ဝန်ထမ်းများနှင့် လက်နက်များကို စစ်ဆေးရာ တပ်သားရတ္ထဖွမ်သည် ခွင့်ပြုချက်မရှိဘဲ တာဝန်နေရာမှ ထွက်ခွာသွားပြီး ရိုင်ဖယ်တစ်လက်နှင့် ကျည်ဆံများယူသွားကြောင်း တွေ့ရှိခဲ့သည်။
ဖြစ်စဥ် စစ်ဆေးမှုများအရ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၂ နှစ်အရွယ် အနုဝတ်ဆိုသူသည် ညာဘက်အဆုတ်ကို ထိမှန်ခံရကာ အခြေအနေစိုးရိမ်ရသော်လည်း သတိရှိနေသလို ဆူရင်ဆေးရုံသို့ လွှဲပြောင်းခဲ့သည်။ ထို့အတူ အသက် ၃၅ နှစ်အရွယ် ဝတ္ထနသည် ဘယ်ဘက်ခြေထောက်တွင် ဖန်ကွဲစများထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း အခြေအနေတည်ငြိမ်သည်။ ဒဏ်ရာရသူနှစ်ဦးစလုံးသည် ကပ်ချိုင်းဆေးရုံတွင် ရှေးဦးသူနာပြုစုကုသမှုခံယူခဲ့ပြီး ယခုအခါ အန္တရာယ်ကင်းရှင်းနေကြပြီဖြစ်သည်။
နောက်ဆုံးသတင်းများအရမှု ထိုင်းအာဏာပိုင်များက ဆူရင်တွင် အရပ်သားများကို ပစ်ခတ်ခဲ့သော ထိုင်းစစ်သားရတ်ထဖွမ်ကို တွေ့ရှိခဲ့ပြီး သူသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးရှိ အိမ်တစ်လုံးတွင် ပုန်းအောင်းနေခဲ့သည်။ စိတ်ဖောက်ပြန်သွားဖွယ်ရှိသည့် ရတ္ထဖွမ်ကို လက်နက်ချရန် ညှိနှိုင်းဖို့ ဖခင်ဖြစ်သူကို ခေါ်ဆောင်လာခဲ့ပြီးနောက် စစ်ဆေးဖမ်းဆီးထားသည်ဟု ထိုင်းနိုင်ငံ၏ သတင်းဌာနအချို့က ကနဦးဖော်ပြခဲ့သော်လည်း နောက်ဆုံးသတင်းများအရမူ စိတ်ဖောက်ပြန်သွားသည့် ထိုင်းစစ်သားမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီဖြစ်သည်။
နောက်ဆက်တွဲသတင်းများအရ စိတ်ဖောက်သွားသည့် တပ်သား ရတ္ထဖွန်၏ ဖခင်ဖြစ်သူ မစ္စတာ ပရာယွန် (အမည်လွှဲ) က ၎င်း၏သားသည် လက်နက်အပြည့်အစုံဖြင့် စခန်းမှ ထွက်ပြေးပြီး ရွာသားများကို ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ကြောင်း၊ ထို့အတွက် မစ္စတာ ပရာယွန်က ၎င်း၏သားကို ရှာဖွေရန် နံနက် ၄ နာရီကတည်းက တာဝန်ရှိသူများနှင့် အလျင်အမြန်သွားရောက် ပူးပေါင်းခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ၎င်းက သားဖြစ်သူကို လက်နက်ချအဖမ်းခံရန် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များကို မဖြေကြားခဲ့သောကြောင့် အလွန်စိုးရိမ်ပူပန်ခဲ့ရသည်ဟု ဆိုသည်။
၎င်း၏သားသည် ယခင်က စိတ်ဖိစီးမှုများရှိကြောင်းနှင့် အိမ်သို့ နှစ်လကြာ မပြန်ရသေးကြောင်း ပြောဆိုခဲ့ဖူးသော်လည်း အိမ်ပြန်လိုသည့်အပြင် အခြားမည်သည့်ပြဿနာရှိကြောင်း မပြောခဲ့ဟုလည်း ၎င်းက ဆိုသည်။ နောက်ပိုင်းတွင် ဖြစ်စဥ် ဖြစ်ပွားရာနေရာမှ မီတာ ၂၀၀ ခန့်အကွာရှိ တောအုပ်တစ်ခုတွင် အလောင်းတစ်လောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ကနဦးစစ်ဆေးမှုအရ ထိုအလောင်းသည် တပ်သား ရတ္ထဖွန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် ရွာသားများကို ပစ်ခတ်ပြီးနောက် ထွက်ပြေးခဲ့ကာ ၎င်း၏တာဝန်သုံးလက်နက်ဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားပြီး ဖြစ်စဥ်အပေါ် ထိုင်းရဲတပ်ဖွဲ့က ဆက်လက် စိစစ်နေကာ အသေးစိတ်သိရှိရသည်ကို ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
Ref, Khaosod & Thai PBS
