◾️ ကော်မတီအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်
၁၅. ၈. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကိုယ်တိုင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ အဖွဲ့ဝင် ၄ ဦးနှင့် အတွင်းရေးမှူး ၁ ဦးတို့ဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၂၀/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အမိန့်စာအရ အဆိုပါကော်မတီအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် နိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းများ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် အဆမတန် မြင့်တက်သွားခဲ့၍ ကုစားနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်စေသည့်အမိန့်ကို ပယ်ဖျက်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အစိုးရအဖွဲ့က ဖွဲ့စည်းခဲ့သည့် ကော်မတီပေါင်း ၁၉၀ ကျော်ကို ဖျက်သိမ်းရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီပါ ပါဝင်ခဲ့သည်။
ယခု အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညိုစောက တာဝန်ယူသွားမည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အတွင်းရေးမှူးအဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများစသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်းနိုင်ငံသားများ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့သွားရောက်ဆေးဝါးကုသခြင်း၊ ပညာရေး ကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်းများ လုပ်ဆောင်ရမည်ဖြစ်သည်။
အလားတူ အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ ချေးငွေနှင့် အတိုးများ ပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်း စသည့်ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်းနှင့် နိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှု လုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေလည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်း စသည့်လုပ်ငန်းတာဝန် ၆ ခုကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသည် နိုင်ငံခြားသုံးငွေကြီးကြပ်မှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပြင် အခြားပေးအပ်သော တာဝန်များကိုလည်း ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဖျက်သိမ်းလိုက်သည့် ယခင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့သည်ဆိုသော ကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်ကုန်စည်များကို လူမှုကွန်ရက်တွင် မျှဝေကာ ကုန်စျေးနှုန်းများဆွဲတင်ခဲ့သည့်ဖြစ်စဥ်ရှိခဲ့သဖြင့် အစိုးရက အတည်ပြုမကြေညာမီ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ပြန်လည်ဖွဲ့စည်းမှုအပေါ် အစိုးရတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းထားပြီး အသေးစိတ်သိရှိရသည်များ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
