၁၅. ၈. ၂၀၂၅
Written by Nyein Kyaw
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်ရေးအဖွဲ့သည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အရည်အသွေးမြင့် ဝါမျိုးစေ့တင်ပို့နိုင်ရေး အစည်းအဝေးနှင့် အိန္ဒိယနှင့်မြန်မာတို့အကြား တန်ဖိုးမြှင့်ထောပတ်သီး ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဝါမျိုးစေ့နှင့်ပတ်သက်၍ ရာသီဥတုနှင့် ပိုးမွှားဒဏ်ကိုခံနိုင်သော အရည်အသွေးမြင့် ဝါမျိုးစေ့များကို တင်သွင်းရရှိရေး၊ ဝါစိုက်ပျိုးရေးအတွက် အိန္ဒိယနိုင်ငံမှ နည်းပညာအကူအညီပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံ၊ IFBIC မှ ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ ကွင်းဆင်းလာရောက်၍ အကူအညီပေးနိုင်မည့် နည်းလမ်းများ သုတေသနပြုရှာဖွေ ဆောင်ရွက်ပေးရေး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တောင်သူများ လက်လှမ်းမီသည့် ဈေးနှုန်းသက်သာသော ဝါမျိုးစေ့များ တင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ ဝယ်ယူလိုသော ဝါမျိုးစေ့အမည်၊ စိုက်ပျိုးမည့်ဧကများကို ပံ့ပိုးပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံ၊ IFBIC မှ မြန်မာနိုင်ငံတွင် ဝါလာရောက်စိုက်ပျိုးပါက အသင်းမှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ထောပတ်သီးများ၏ အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှုပမာဏကို အိန္ဒိယဘက်သို့ ပံ့ပိုးပေးနိုင်ရေးနှင့် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်ထောပတ်သီးထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများတွင် PPP စနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးများကို Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့နှင့် ကောလ်ကတ္တားမြို့ရှိ စီးပွားရေးသံမှူးများ၊ မြန်မာနိုင်ငံ ဝါနှင့်ဝါထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ OOO Farms ကိုယ်စား International Federation of Business Intellectuals and Changemakers (IFBIC) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

