◾ ဝါရှင်တန်ဒီစီ မြို့တော်ဝန်က အာဏာရှင်ဆန်စွာ တွန်းအားပေးလုပ်ရပ်ဟုပြောကြား
၁၄.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီမှာ အကြမ်းဖက်ရာဇဝတ်မှုတွေမြင့်တက်နေတယ်လို့ သမ္မတထရမ့်ပ် ပြောကြားခဲ့အပြီး နောက်တစ်နေ့မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမျိုးသားအစောင့်တပ်တွေ မြို့ထဲမှာချထားပြီး ဩဂုတ် ၁၂ ရက်ညနေပိုင်းကစလို့ တပ်ဖွဲ့တွေကို ဝါရှင်တန်ဒီစီရဲ့ လမ်းတွေပေါ်မှာ ကင်းလှည့်သွားလာနေကြတာ တွေ့ရပါတယ်။
ဩဂုတ်လ ၁၂ ရက် ညနေပိုင်းမှာပဲ အမေရိကန်မြို့တော်တစ်ဝိုက်ရှိ မြို့ပြစင်တာတွေနဲ့ ခရီးသွားနေရာတွေမှာ လက်နက်တပ်သံချပ်ကာယာဉ်တွေ လှည့်လည်သွားလာနေတာကို တွေ့ခဲ့ရတာပါ။ တာဝန်ရှိသူတွေက အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ နဲ့ ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးအေးဂျင့် ၅၀၀ တို့ကို ဖြန့်ကျက်ထားမယ်လို့ ပြောခဲ့ကြပါတယ်။
ဝါရှင်တန်ဒီစီရဲ့ ဒီမိုကရက် မြို့တော်ဝန် မျူရီယယ် ဘေ့ာစ်ဆာကတော့ မြို့တော်အတွင်း ရာဇ၀တ်မှု ဖြစ်ပွားမှုတိုးမြင့်လာတယ်လို့ ထရမ့်ပ်က ပြောတာကို ငြင်းဆိုခဲ့ပြီး ခုလိုမြို့တော်အတွင်း တပ်ဖြန့်ချထားမှုက “အာဏာရှင်ဆန်တဲ့တွန်းအားပေးမှု” လုပ်ရပ်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတဖြစ်တဲ့ ထရမ့်ပ်ကတော့ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အခြားမြို့နှစ်မြို့ဖြစ်တဲ့ နယူးယော့ခ်နဲ့ ချီကာဂို တို့မှာလည်း အလားတူ တပ်ဖြန့်မှုတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဝါရှင်တန်ဒီစီမှာအကြမ်းဖက်ရာဇဝတ်မှုတွေဖြစ်ပွားမှုဟာ ၂၀၂၃ ခုနှစ်မှာအမြင့်ဆုံးကိုရောက်ပြီးနောက် ၂၀၂၄ ခုနှစ်မှာတော့ နှစ် ၃၀ အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့တယ်လို့ ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ရှေးဦးစာရင်းဇယားတွေအရတော့ ၂၀၂၅ ခုနှစ်မှာလည်း ရာဇဝတ်မှုဖြစ်ပွားတာက ဆက်လက်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မှုခင်းဖြစ်ပွားမှုတွေနဲ့ နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်မှာ ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လုယက်မှုကတော့ ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၁ ရက်မှာ ထရမ့်ပ်ကကြေညာပြီးတဲ့နောက် ပုံဖျက်ထားတဲ့တပ်ဖွဲ့တွေဟာ အမေရိကန် မြို့တော်အတွင်းကို လှည့်ဖြားဝင်ရောက်လာခဲ့ကြပါတယ်။ အစိုးရအဆောက်အဦတွေ အပြင်ဘက်မှာလည်း အတားအဆီးတွေ စိုက်ထူကာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဓာတ်ပုံရိုက်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဩဂုတ်လ ၁၁ ရက်ညမှာပဲ ဖက်ဒရယ်အေးဂျင့်တွေက လူ ၂၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး ကာရိုလိုင်းလီဗစ်က ပြောခဲ့ပါတယ်။ အေးဂျင့်တွေက ဒေသန္တရတရား ဥပဒေစိုးမိုးရေးအတွက် ကူညီပေးလျက်ရှိပါတယ်။ ဖမ်းဆီးခံရမှုတွေမှာ လူသတ်မှု၊ သေနတ်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ညစ်ညမ်းသော လုပ်ရပ်တွေ၊ ချောင်းမြောင်းနှောင့်ယှက်မှု၊ မဆင်မခြင် မောင်းနှင်မှုနဲ့ အခြား ရာဇ၀တ်မှုတွေကြောင့်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဩဂုတ်လ ၁၃ ရက် နံနက်အထိဆိုရင်တော့ ဖမ်းဆီးအရေးယူထားသူ ၄၃ ဦးရှိပြီလို့ သိရပါတယ်။
အိမ်ဖြူတော်နဲ့ တစ်မိုင်အကွာ ဝါရှင်တန်ဒီစီရဲ့ ခေတ်အမီဆုံး ရပ်ကွက်တွေထဲမှ တစ်ခုဖြစ်တဲ့ Logan Circle မှာလည်း ဩဂုတ်လ ၁၁ ရက်ညက လူတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ လက်နက်ကိုင် လူသတ်သမားတစ်ဦးကို လူဖမ်းပွဲ စတင်ခဲ့ပါတယ်။
ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးဗျူရို FBI ၏ အချက်အလက်တွေအရ ဝါရှင်တန်ဒီစီမှာ ရာဇ၀တ်မှုတွေ ဖြစ်ပွားမှုက ၂၀၂၄ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ မြို့တော်အတွင်း လူသတ်မှုဖြစ်ပွားနှုန်းဟာ တခြားအမေရိကန်မြို့ကြီးတွေနဲ နှိုင်းယှဉ်ရင် ပျမ်းမျှအားဖြင့် ပိုများနေတယ်လို့လည်း သိရပါတယ်။
Ref- BBC




