၁၄. ၈. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်လက်နက်ကိုင်အဖြစ် သတ်မှတ်ခံထားရပြီး ပလက်ဝအပါအဝင် ရခိုင်မြို့ ၁၄ မြို့ကို နယ်မြေလုယက်သိမ်းယူထားတဲ့ AA လက်အောက်က ကူကယ်သူမဲ့ ရခိုင်ရေဘေးမှာ လူ ၂၁ ဦးသေဆုံးပြီး လယ်ဧကသောင်းချီပျက်စီးသွားသလို လူ လေးသိန်းကျော်အတိ ဒုက္ခရောက်နေကြပါတယ်။
AA လက်အောက်ခံ HDCO (လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး) အဆိုအရ ရခိုင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လကနေ ဇူလိုင်လအထိ မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများစွာဖြစ်ပွားလို့ တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်က ကျေးရွာ (၁၆၅) ရွာမှာ နေအိမ်တွေပျက်စီးခြင်း၊ စပါးခြင်းတွေပျက်စီးခြင်း၊ ရေတွင်း၊ ရေကန်တွေပျက်စီးခြင်းနဲ့ လမ်း၊ တံတားတွေပျက်စီးခြင်းအပြင် ရခိုင်ပြည်သူတွေလည်း အသက်ဆုံးရှုံးခဲ့ရတယ်ဆိုပါတယ်။
အဓိကထိခိုက်ပျက်စီးမှုတွေအဖြစ် အိမ်ထောင်စု (၉,၇၆၁) စုက လူဦးရေ (၄၂,၄၅၉) ဦး ထိခိုက်မှုရှိခဲ့ပြီး နေအိမ် (၅၃) လုံးနဲ့ IDP ရုံးခန်း (၂) ခန်း ပျက်စီးဆုံးရှုံးခဲ့ရသလို ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်ဧက (၁၈,၈၂၃ ဒသမ ၁၂) ဧက ပျက်စီးဆုံးရှုံးခဲ့ရတယ်ပြောပါတယ်။
ဒါ့အပြင် ကြက်၊ ဘဲ၊ နွား၊ ၀က် တိရစ္ဆာန်ထောင်ချီ သေဆုံးခဲ့ရသလို လမ်း၊ တံတား (၁၃) စင်းနဲ့ ရေတွင်း၊ ရေကန် (၁၈) ခု ပျက်စီးခဲ့ရတဲ့အပြင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမှာ လမ်းတံတားတွေ ပျက်စီးခဲ့ရသလို ရေနစ်တာ၊ ရေစီးနဲ့မျောပါတာတို့ကြောင့် လူ (၂၁) ဦးခန့် သေဆုံးခဲ့သလို ဒီအခြေအနေတွေအတွက် အရေးပေါ်အကူအညီ တိုးမြှင့်ဆောင်ရွက်ပေးဖို့ အရေးကြီးနေလို့ HDCO ကလည်း အလှူရှင်တွေနဲ့ပေါင်းပြီး ရေဘေးအကူအညီ ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမယ်ဆိုပါတယ်။
အရင်နှစ်စဥ်နှစ်တိုင်းမှာ ရခိုင်ပြည်သူတွေ ရေဘေးကြုံတိုင်း ပြည်မနဲ့ မြေလတ်က ရေဘေးမခံစားရတဲ့ ပြည်သူတွေက ဝိုင်းဝန်းကူညီ ထူမခဲ့ကြပေမဲ့ AA ထိန်းချုပ်ပြီးနောက်မှာ ကူညီမှုတွေ မရှိကြတော့သလို ရခိုင်ပြည်နယ်အလယ်ပိုင်းက ပြည်သူတွေရဲ့ ငတ်မွတ်မှုကလည်း AA လက်အောက်မှာ နှစ်ဆတက်လာပြီး လူဦးရေရဲ့ ၅၇ ရာခိုင်နှုန်းအထိဖြစ်လာနေပြီလို့ WFP ကလည်း မနေ့က ပြောထားပါတယ်။
Photo – CJ





