၁၄. ၈. ၂၀၂၅
Written by Nay Moe
အမျိုးသားတစ်ဦးကို ကြို့ပင်ကောက် PDF က ဖမ်းဆီးကာ ကြိုးတုပ်ပြီး ဒလန်စွပ်စွဲကာ သတ်ဖြတ်လိုက်သော်လည်း ကြို့ပင်ကောက် PDF ထုတ်ပြန်ချက်တွင်မူ ကြိုးတုပ်ဖမ်းဆီးသတ်ဖြတ်မှုကို လိမ်လည်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ဖြစ်စဥ်မှာ ဩဂုတ် ၁၂ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၃ နာရီတွင် ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ကျေးရွာနေ မောင်ဖြိုး (ခ)ဖြိုးဝေမောင် (၃၈)နှစ်သည် ၎င်း၏နေအိမ်မှ ကံကြီးကျေးရွာသို့ ခြေလျင်သွားရောက်စဉ် ကံကြီးကျေးရွာအဝင် အရောက်၌ ကြို့ပင်ကောက် PDF ခြောက်ဦးက “ဒလန်” ဟု စွပ်စွဲပြောဆိုကာ လက်ပြန်ကြိုးတုပ်၍ ကံကြီးကျေးရွာရွာလယ်လမ်းမသို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် မောင်ဖြိုး(ခ)ဖြိုးဝေမောင်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်အပေါ် ကြို့ပင်ကောက် PDF က ထုတ်ပြန်ရာ၌ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးရွာ၌ တပ်မတော်သားများနှင့် ပျူစောထီးများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ဩဂုတ် ၁၁ ရက် ည ၁၀ နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon (QBK-PDF) မှ တိုက်ခိုက်ရန်သွားရောက်ခဲ့ရာ ပျူစောထီး ကိုဖြိုးနှင့် ပျူစောထီး ဖြိုးဝေအောင်အားတွေ့ရှိရသဖြင့် အဖမ်းခံရန် ပြောဆိုစဉ် ပြန်လည်တိုက်ခိုက်ကြသောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီး ကိုဖြိုး နေရာတွင် သေဆုံးကာ ပျူစောထီး ဖြိုးဝေအောင် မာ ဗိုက်ကို ကျည်ထိမှန်၍ ထွက်ပြေးရင်း လယ်ကွင်းထဲမှာ သေဆုံးသွားသည်ဟု ပြောသည်။
သို့သော် မောင်ဖြိုး(ခ)ဖြိုးဝေမောင်၏ အလောင်းမှာ ကြိုးတုပ်သတ်ဖြတ်လျက်သားတွေ့ရှိရသဖြင့် ကြို့ပင်ကောက် PDF များက ဖမ်းဆီးပြီးမှ သတ်ဖြတ်လိုက်သလို ကြို့ပင်ကောက် PDF ပြောသည့် ကိုဖြိုးနှင့် ဖြိုးဝေအောင် နှစ်ဦးမဟုတ်ဘဲ မောင်ဖြိုး (ခ) ဖြိုးဝေမောင် တစ်ဦးတည်းသာဖြစ်သဖြင့် ကြို့ပင်ကောက် PDF များ သတ်ဖြတ်လိုက်သည့် အခြား အမျိုးသားတစ်ဦးမှာ မည်သူဖြစ်သည်ကို MT News က ဆက်လက် စုံစမ်းနေသည်။
