◾ သေနတ်ကိုင်ထားသည့် ဓားပြ ထွက်ပြေးလွတ်မြောက်နေ၍ ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ရှာဖွေနေ
၁၄.၈.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင် ဓားပြတိုက်သူတစ်ဦးကို လုံခြုံရေးက ထီးဖြင့်ရိုက်နှက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းက ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင်သို့ ဓား၊ သေနတ်တို့ဖြင့် လူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ကာ ဆိုင်အတွင်းသို့ ဓားပြတိုက်ရန် ဝင်ရောက်စဉ် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူ အသက် ၂၀ ကျော်လူငယ်က ထီးဖြင့်ရိုက်နှက် လုံးထွေးဖမ်းဆီးရာ တစ်ဦးကိုဖမ်းမိပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း MT News ၏ သတင်းရင်းမြစ်က ပြောသည်။
“ကျွန်တော်တို့ကို သက်ဆိုင်ရာက အရေးပေါ် လာရောက်ဖို့ သတင်းပေးလို့ သွားတဲ့အခါ လက်ထိပ်ခတ်ထားတဲ့ လူတစ်ယောက်ကို တွေ့တယ်။ အဲဒီလူမှ ခေါင်းမှာ တစ်ချက်၊ နောက်စေ့မှာတစ်ချက် ပွန်းပဲ့သွေးနည်းနည်း ထွက်တာတွေ့တယ်။ အဲဒါကို ပတ်တီးတွေဘာတွေစည်းပြီး မြောက်ဥက္ကလာ ဆေးရုံကို ပို့တယ်။ ကျွန်တော်တို့ ကြားတာက ဓားပြတိုက်တာ နှစ်ယောက်တဲ့။ တစ်ယောက်က ဓားနဲ့၊ တစ်ယောက်က သေနတ်နဲ့တဲ့။ သေနတ်နဲ့ လူက ထွက်ပြေးသွားတယ်။ ရွှေဆိုင်က လုံခြုံရေးဝန်ထမ်းက ဓားနဲ့အထိုးခံရလို့ နှာခေါင်း၊ မျက်စိအနား မေးစေ့နားမှာ တစ်ချက်စီ ဒဏ်ရာရထားတယ်။ သူ့ကိုလည်း မြောက်ဥက္ကလာပ ဆေးရုံကို ပို့တယ်။ ဆေးရုံမှာတက်ရောက်ပြီး ကုသမှု ခံယူစရာမလိုဘူး။ ပြတ်ရှ ပေါက်ပြဲဒဏ်ရာလောက်ပဲ ဆိုတော့လေ။ အခု စခန်းမှာ ပြန်ရောက်နေကြပြီ။ သက်ဆိုင်ရာက စစ်ဆေးနေကြပြီ။ ဆိုင်ပစ္စည်းတွေကတော့ ဘာမှ ပါမသွားဘူး”ဟု မြောက်ဥက္ကလာပဆေးရုံသို့ လိုက်ပါ ပို့ဆောင်ခဲ့သူတစ်ဦးက MT News ကို ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေးကို စိစစ်၍ သေနတ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသူကို ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း သိရသည်။
