
၁၃.၈.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၏ မိုင်းရှင်းလင်းရေးစခန်း(TMAC) မှ ကျွမ်းကျင်သူများနှင့် ထိုင်းစစ်ဖက်တို့က ကမ္ဘောဒီးယားနှင့်ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ကမ္ဘောဒီးယားဘက်မှ ထိုင်းမြေထဲသို့ ပစ်ခတ်ခဲ့သော အမြောက်ဆံ၊ ဒုံးဆံများက မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည်ကို နယ်စပ်ပြည်နယ်လေးခုတွင် လိုက်လံရှင်းလင်းမှု ၁၁ ရက် ကြာပြုလုပ်ခဲ့ကြရာ စုစုပေါင်းပေါက်ကွဲစေနိုင်သော ကျည်ဆံ ၄၈၃ လုံးကို တွေ့ရှိရှင်းလင်းနိုင်ခဲ့ကြောင်း ဩဂုတ်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
TMAC မှ ကျွမ်းကျင်သူ အဖွဲ့ ၁၅ ဖွဲ့နှင့် ထိုင်းစစ်တပ်မှ ပေါက်ကွဲစေတတ်သော ကျည်ဆံများဖယ်ရှားရေး တပ်ဖွဲ့များပူးပေါင်းလျက် လက်နက်ကျည်ဆံများကို ဩဂုတ်လ ၁ ရက်မှစ၍ ဒေသခံရဲတပ်ဖွဲ့များနှင့်အတူ ကမ္ဘောဒီးယားသို့ပစ်ခတ်ခဲ့သည့်အနက်မပေါက်ကွဲဘဲ ကျန်ရှိနေသော လက်နက်ကျည်ဆံများကို ဩဂုတ်လ ၁ ရက်မှစ၍ စစ်ဆင်ရေးတစ်ရပ်အနေနှင့် ရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။
တွေ့ရှိခဲ့သော မပေါက်ကွဲသေးသည့် အမြောက်ဆံ၊ ဒုံးဆံများမှာ ဆူရင်ပြည်နယ်တွင် အများဆုံးဖြစ်ကာ စုစုပေါင်း BM-21 ဒုံးကျည် ၂၀၆ ခုအထိ တွေ့ခဲ့သည်။ ထို့နောက်တွင်မူ ဆီဆာခတ်ပြည်နယ်၊ ဘူရီရမ် ပြည်နယ်နှင့် ယူဘုံ ရတ်ချာသနီပြည်နယ်တို့တွင်လည်း တွေ့ရှိခဲ့ကြသည်။
TMAC ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ဆက်ဆစ် ဆန်ချာနင်က နယ်စပ်အနီး ပြည်နယ်လေးခုအတွင်း မပေါက်ကွဲသေးသော BM-21 ဒုံးကျည်များ၊ လက်နက်ကြီးကျည်ဆံများ၊ မော်တာကျည်ဆံများနှင့် အခြားပေါက်ကွဲစေနိုင်သည့်ခဲယမ်းကျည်ဆံများ စုစုပေါင်း ၄၈၃ လုံးကိုတွေ့ရှိဖယ်ရှားခဲ့ကြောင်း ပြောခဲ့သည်။
အဆိုပါစစ်ဆင်ရေးက ဒေသခံအရပ်သားများ ဘေးအန္တရာယ်ကင်းစေရေး အာမခံနိုင်စေရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ပွဲဖြစ်ပွားခဲ့သောနယ်မြေများအတွင်း မသင်္ကာဖွယ်အရာဝတ္တုပစ္စည်းများကို တွေ့ ရှိပါကလည်း အာဏာပိုင်များသို့ အမြန်အကြောင်းကြားရန် TMAC ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ဆက်ဆစ် ဆန်ချာနင်ကဒေသခံပြည်သူများသို့ ပြောခဲ့သည်။
Ref- Bangkok Post
