
၁၃.၈.၂၀၂၅
Written By Zun
AA က ကလေးမိခင်များကိုပါမရှောင် စစ်မှုထမ်းခေါ်ယူနေပြီး စစ်သင်တန်းတက်ရောက်နေချိန် ကလေးအမေတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။
အဆိုပါ သေဆုံးသူမှာ AA က အတင်းအဓမ္မ စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူခံခဲ့ရသော ရခိုင်ပြည်၊ မြေပုံမြို့နယ် ခရမ်းပြင်ကျေးရွာကဖြစ်သည်။
သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ်သာရှိသေးသည့် ကလေးမိခင် မတင်ချေ (ခေါ်) မတင်တင်သန်းဆိုသူ ဖြစ်ကြောင်း၊ စစ်သင်တန်းတက်ရောက်နေချိန် နေမကောင်းဖြစ်နေသည်ဟု AA က မိသားစုထံအကြောင်းကြား၍ မတင်ချေ (ခေါ်) မတင်တင်သန်း၏ ညီမများလိုက်သွားခဲ့ရာ သေဆုံးနေသည့် ရုပ်အလောင်းကိုသာ တွေ့ရတော့ကြောင်း သိရသည်။
၎င်းမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြောက်ဦးမြို့ရှိ AA စစ်မှုထမ်းသင်တန်းတွင် တက်ရောက်နေသူဖြစ်ပြီး စစ်သင်တန်းတက်ရောက်ကာ တစ်လခန့်အကြာ သြဂုတ်လ ၆ ရက်က သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ အသက် ၃ နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
AA က မတင်ချေ (ခေါ်) မတင်တင်သန်း နေမကောင်းဟု အကြောင်းကြားသည်မှာ သြဂုတ်လ ၇ ရက်တွင် ဖြစ်ပြီး သေဆုံးသည်မှာ သြဂုတ်လ ၆ ရက်ကပင် ဖြစ်သောကြောင့် သေဆုံးပြီးမှ အကြောင်းကြားခြင်းအပေါ် AA ၏ နှိပ်စက်မှုကြောင့် လက်လွန် သေဆုံးသွားသည့် သဘော ဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
မတင်ချေသေဆုံးရသည့် အကြောင်းကို AA ဘက်က အလောင်းလာပို့သူများအား မိသားစုဝင်များက မေးမြန်းရာ အစာအဆိပ်သင့်သည်ဟု ပြောကြောင်း၊ သြဂုတ်လ ၇ ရက်က သတင်းပို့ရာတွင် နေမကောင်းဟု သတင်းပို့ခဲ့ကြောင်း၊ ယင်းမှာ ရှေ့နောက်မညီကြောင်း၊ ရုပ်အလောင်းတွင်လည်း မျက်လုံးနှစ်ဖက်ဒဏ်ရာများ ရထားကာ ဖူးယောင် အညိုအမည်းစွဲဒဏ်ရာများ ရှိကြောင်း၊ ဦးခေါင်းကစီးကျသည်ဟု ယူဆရသည့် သွေးများ သေဆုံးသူ၏ နားထင်၌ ပေကျံနေကြောင်း၊ ထို့ကြောင့် မိသားစုဝင်များက သွေးရိုးသားရိုးသေဆုံးမှု မဟုတ်နိုင်ဟု သံသယ ဖြစ်နေကြကြောင်းလည်း သိရသည်။
ယင်းသေဆုံးသူ ကလေးမိခင်ရုပ်အလောင်းကို ဩဂုတ်လ ၇ ရက် ညနေက မင်းပြားတွင် AA ဖက်က မီးသင်္ဂြိုဟ်လိုက်ကြကြောင်းလည်း သိရသည်။
“အမှားကိုထောက်ပြရင်လည်း တစ်ဖက်ပိတ်တွေက မျိုးမချစ်လို့ ပြောမှာ။ ကလေးအမေတွေက စစ်သင်တန်း တက်ချင်ပါ့မလား။ သားသမီးနဲ့ခွဲရတာ ခွဲနိုင်မလား သေချာစဉ်းစားကြည့်ရင် သိပါတယ်။ ကလေးအမေတွေကို အတင်း မခေါ်သင့်ဘူးပေါ့။ AA မှာ ဆိုးတဲ့သူတွေ အများကြီးမှ အများကြီး(မကန်ဟိရေ)အများကြီး ရှိတယ်။ မြေပုံက လူတွေ ပိုသိမှာပါ။ စစ်သင်တန်းတက်ဖို့ သွားတဲ့သူတွေ မသွားခင်ကဘဲ ဓာတ်ပုံတွေရိုက်ပြီး တင်ထားခဲ့ရမှာ။ သူတို့က ၉၆ ပါးရောဂါကို ထိုးချမှာပေါ့။ သေလောက်အောင် နှိပ်စက်တာကို စဉ်းစားလို့ မရဘူး။ တချို့ ကောင်မလေးတွေ ပိန်လှီ(တပိန်ပိန် တလိမ်လိမ်) နဲ့။ အားမရှိ ခွန်မရှိ။သူများနည်းတူ မလုပ်နိုင်လောက်ဘူးလေ။ ဒါကို အခြေအနေကြည့်ပြီး နားလည်ရမှာပေါ့။ သင်တန်းနည်းပြဆိုသူတွေကို AA အကြီးပိုင်းတွေက မသင်ပြထားဘူးလား။ မမှာထားခဲ့ဘူးလား။စစ်မတိုက်ရဘဲ ကိုယ့်လူသတ်လို့ သေရတာ ရင်နာဖို့ကောင်းတယ်။ သံသယ ဖြစ်လို့ ပြန်စစ်မယ်ဆိုရင်တောင်မှ အလောင်းကို မီးရှို့တာဆိုတော့ ရင်နာစရာ ပိုပြီးကောင်းပါတယ်။ ဘာမှ လုပ်မရတော့ဘူး”ဟု သတင်းရင်းမြစ်က MT News ကို ပြောသည်။
မတင်ချေ (ခေါ်) မတင်တင်သန်း သေဆုံးပြီးနောက် ကလေးမိခင်များအား စစ်သင်တန်းတက်ရန် အတင်း ခေါ်ယူခြင်း မရှိကြောင်း ဩဂုတ်လ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရ ခိုင်သုခက AA ၏ သတင်းစာ ရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောဆိုခဲ့သေးကြောင်း သိရသည်။
ဒေသတွင်း သတင်းမှတ်တမ်းများအရ မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာက အသက် ၂၁ နှစ်အရွယ် ကျန်းမာသန်စွမ်းသူ ၊ဆေးရုံဆေးခန်းမသွားခဲ့ဖူးသူ မောင်ရွှေစိုး ဆိုသူမှာ AA ၏ စစ်သင်တန်းတက်နေစဉ် ဇူလိုင်လ ၅ ရက်က သေ ဆုံးခဲ့ကြောင်း၊ မိသားစုထံအကြောင်းကြားရာတွင် ဗိုက်အောင့်ဝေဒေနာကြောင့်ဟု ပြောဆိုခဲ့ကြောင်း၊ မိသားစုဝင်များက သင်တန်းဆရာ၏ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးခြင်းဟုသာယုံကြည်နေကြောင်းလည်း သိရသည်။
ပုံစာ။ AA ၏ စစ်သင်တန်းတွင် သေဆုံးသူ မတင်ချေနှင့် သမီးငယ်၏ ပုံရိပ် (Photo – Western News)
