
၁၃.၈.၂၀၂၅
Written by Hey Mar
သူငယ်ချင်းဖုန်းနဲ့ အွန်လိုင်းလောင်းကစားဂိမ်း ခဏယူဆော့ကစားလိုက်ရာက ငွေခုနစ်သိန်းရှုံးသွားလို့ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ(ဆွဲကြိုးချ) အဆုံးစီရင်တဲ့ဖြစ်စဉ် မနေ့က ဩဂုတ် ၁၂ ရက်နေ့က မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းက ဆိုပါတယ်။
မနေ့က ဩဂုတ် ၁၂ ရက် မနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အသက် နှစ်ဆယ်ဝန်းကျင်အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်တဲ့ ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ သန်းကုန်းရွာမှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီလူငယ်က ဩဂုတ် ၁၁ ရက်နေ့ ညနေကအထိ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေခဲ့တာပါ။ သူ့ သူငယ်ချင်းတွေကိုတော့ သူစိတ်အရမ်းညစ်နေကြောင်း နေချင်စိတ်တောင် မရှိတော့ကြောင်း ပြောလာပေမယ့် ဒီလိုအထိ ဖြစ်မယ် မထင်ခဲ့ကြောင်းလည်း သေဆုံးသူရဲ့ သူငယ်ချင်းတစ်ဦးက ဆိုပါတယ်။
ကြားသိရတဲ့ နောက်ထပ်အချက်အလက်တချို့က ပြည်ပထွက်အလုပ်လုပ်ဖို့ စီစဉ်ထားပြီးမှ ပျက်ပြားတဲ့ ဖြစ်ရပ်လည်း အဲ့ဒီ့လူငယ်မှာရှိနေခဲ့တာပါ။
အလင်းရောင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဒီမှာ (ပျော်ဘွယ်မြို့မှာ) အဲ့ဒီ့ဂိမ်းတွေ တအားဆော့ကြတာ။ တချို့ဆို အလုပ်တောင်မလုပ်တော့ဘူး။ ကျွန်တော်လုပ်နေတဲ့ ဆိုက်ထဲမှာ တစ်ယောက်ကတော့ သိန်းရာချီနိုင်ဖူးတယ်။ အဲ့တစ်ခါပဲ နိုင်တာ ကြားဖူးတာပါ။ သူတို့ပြောတာ ဂိမ်းဆော့ပြီး ပေါက်လို့ ပိုက်ဆံရသွားတယ် ပြောကြတာပဲ။ အများစုကတော့ ရှုံးပြီး ဘဝပျက် အကြွေးနစ် ထွက်ပြေးနဲ့ ဒါတွေကတော့ မျက်စိနဲ့ တပ်အပ်မြင်တာ။ အခုသေသွားတဲ့ ကလေးက သူငယ်ချင်းဖုန်းနဲ့ ခဏပဲ ဝင်ကစားလိုက်တာ သူ့ သူငယ်ချင်း အကောင့်ထဲက ငွေခုနစ်သိန်း ကုန်သွားလို့ စိတ်ညစ်ပြီး အခုလို လုပ်တယ်လို့ ထပ်သိရတယ်” လို့ အဆိုပါ လူငယ် သတ်သေရတဲ့ ဖြစ်စဉ်ကို MT News ကို ပြောပါတယ်။
