
၁၃. ၈. ၂၀၂၅
Translated by Thettant
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် ညသန်းခေါင်အချိန်တွင် ထိုင်းအမျိုးသမီး လိင်လုပ်သားတစ်ဦးက စျေးမေးပြီး မခေါ်သည့်အပြင် သူမ၏ ရင်သားကို ကိုင်တွယ်စော်ကားပြီး ဝန်ဆောင်မှုကို ငြင်းဆိုခဲ့သော အိန္ဒိယနိုင်ငံသားအမျိုးသားကို ပတ္တရားကမ်းခြေတွင် တိုက်ခိုက်ခဲ့သည်။
ထိုသို့ ဩဂုတ်လ ၁၁ ရက် ည ၁၁ နာရီခွဲခန့်တွင် ဘန်လမုန် ပတ္တရားရှိ Beach Road နှင့် Soi Pattaya 13/4 အနီးတွင် ဖြစ်ပွားခဲ့သော ထိုင်းအမျိုးသမီးနှင့် အိန္ဒိယအမျိုးသားတို့၏ ရန်ပွဲကို ဖြေရှင်းပေးရန် မူအမ်းပတ္တရားရဲစခန်းမှ အရာရှိများက ရန်ဖြစ်ကြသူနှစ်ဦးကို သွားရောက် ခေါ်ယူစစ်ဆေးခဲ့သည်။
ထိုင်းရဲများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသောအခါ အိန္ဒိယအမျိုးသားက ထိုင်းအမျိုးသမီးနှင့် စကားများနေပြီး၊ ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများပါမကျန် စောင့်ကြည့်နေသူ အများအပြားကို တွေ့ရှိခဲ့ကြောင်း အစီရင်ခံသည်။

အိန္ဒိယအမျိုးသား၏ သူငယ်ချင်းများက ၎င်းတို့၏သူငယ်ချင်းသည် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှု အတွက် ဈေးနှုန်းကို မေးမြန်းရန် ထိုင်းအမျိုးသမီးထံ ချဉ်းကပ်ခဲ့ကြောင်း ရဲများကို ပြောပြခဲ့သည်။ ဈေးနှုန်း ဘတ် ၃၀၀၀ ဖြစ်ကြောင်း သိရှိပြီးနောက် အိန္ဒိယအမျိုးသားက ရုတ်တရက် ထိုအမျိုးသမီး၏ ရင်သားကို ကိုင်တွယ်ခဲ့ပြီး ရင်သား အရွယ်အစား သေးလွန်းသည်ဟုဆိုကာ ဝန်ဆောင်မှုကို ငြင်းပယ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
သူငယ်ချင်းများ၏ ပြောကြားချက်အရ ထိုအခါ လိင်လုပ်သားအမျိုးသမီးက ဒေါသထွက်ပြီး အိန္ဒိယအမျိုးသားကို ပါးရိုက်ခဲ့သည်။ ထို့နောက် ထပ်မံတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သောကြောင့် သက်သေအချို့က ဝင်ရောက်ဖြန်ဖြေပေးခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
Channel 7 သတင်း၏ ဖော်ပြချက်အရ ရဲများက နှစ်ဦးနှစ်ဖက်ကို ဝင်ရောက်စေ့စပ်ပေးခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် တောင်းပန်ရန် တိုက်တွန်းခဲ့သည်။ နောက်ဆုံးတွင် နှစ်ဦးသား ရဲအရာရှိများရှေ့၌ ပြေလည်မှုရခဲ့ပြီး တရားဥပဒေအရ တိုင်ကြားခြင်းမရှိခဲ့ပေ။

ထိုင်းရာဇဝတ်မှုဆိုင်ရာဥပဒေအရ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးခြင်းသည် ပြစ်မှုမြောက်သော်လည်း ထိုထိုင်းအမျိုးသမီးကို နောက်ထပ် စွဲချက်တင်မည်လားဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင်လကလည်း အခြားအိန္ဒိယအမျိုးသားသုံးဦးသည် ပတ္တယားရှိ ဟိုတယ်တစ်ခုတွင် ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးရန် ရဲများကို ခေါ်ယူခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြခံခဲ့ရသည်။ ထိုအမျိုးသားများက ထိုင်းအမျိုးသမီးသည် ဈေးပိုတောင်းသည်ဟု စွပ်စွဲခဲ့ပြီး ၎င်း၏ရင်သားသည် မျှော်လင့်ထားသည်ထက် သေးငယ်သည်ဟုလည်း တိုင်ကြားခဲ့သည်။ ဘားမှ အမျိုးသမီးကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဟိုတယ်သို့မသွားမီ ဘတ် ၃,၀၀၀ ဖြင့် ဈေးနှုန်းညှိနှိုင်းခဲ့ကြကြောင်း ပြောကြားခဲ့သည်။ သို့သော် အမျိုးသားများက ၎င်း၏ပုံပန်းသဏ္ဌာန်အပေါ် မကျေနပ်သောကြောင့် ဝန်ဆောင်မှုကို ဖျက်သိမ်းခဲ့ကြသည်။ သူမ၏ပြောကြားချက်အရ ညှိနှိုင်းထားသော ဝန်ဆောင်မှုအတွက် အပြည့်အဝပေးချေရန် တောင်းဆိုခဲ့သည်။ အမျိုးသားများက သူမအတွက် ငွေသားထုတ်ပေးမည်ဟု ပြောခဲ့သော်လည်း ရဲများနှင့်အတူ ဟိုတယ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။ ထိုအမှုတွင်လည်း အငြင်းပွားမှုသည် တိုက်ခိုက်မှု သို့မဟုတ် တရားဥပဒေဆိုင်ရာ အရေးယူမှုများမရှိဘဲ ပြေလည်သွားခဲ့သည်။
Ref , The Thaiger
