၁၄. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီပြည်နယ်ရှိ သံမဏိစက်ရုံတစ်ခုတွင် မနေ့က သြဂုတ်လ ၁၂ ရက်နေ့က အပူချိန် ၁,၆၀၀ ဒီဂရီစင်တီဂရိတ်ကျော်ရှိသော သံမဏိပျော်ရည်များ ပေါက်ကွဲထွက်မှု မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုဝေဖြိုးအောင် သေဆုံးပြီး အခြားလုပ်သားတစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မတော်တဆမှုသည် သံမဏိအရည်ကျိုစက်ကြီးများ တပ်ဆင်ထားသည့် စက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးဖိုမှ သံမဏိပျော်ရည်များကို အခြားနေရာသို့ ပြောင်းရွှေ့နေစဉ် စက်ချို့ယွင်းမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ သံမဏိအရည်များမှာ ခပ်လှမ်းလှမ်းအကွာအဝေးအထိ စင်ထွက်ခဲ့သဖြင့် စက်အောက်တွင် အလုပ်လုပ်နေသည့် ကိုဝေဖြိုးအောင်မှာ သံမဏိပျော်ရည်ပူများ ဖြန်းပက်ခံရသလို ထိမှန်ခဲ့သောကြောင့် အပူလောင် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရာဘိုဖိုင်ရဲစခန်းမှ ရဲမှူးကြီး ကစ်တီဖောင် သီဟာဘတ်က အကြောင်းကြားခဲ့ပြီး၊ သီရိမဟာဗောဓိဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပရာချင်ဘူရီပြည်နယ်မှ မှုခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ကြသည်။ ဓာတ်ပုံများနှင့် သက်သေထွက်ဆိုချက်များအပါအဝင် သက်သေခံအထောက်အထားများကို စုဆောင်းခဲ့ပြီး၊ မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို သိရှိနိုင်ရန် သက်ဆိုင်ရာ စက်ပစ္စည်းများကိုလည်း စစ်ဆေးခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဂျူသာမက်စ် ဘွာဖူအန်နှင့်အတူ ပရာချင်ဘူရီပြည်နယ်စက်မှုလုပ်ငန်းရုံး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးဌာနမှ အရာရှိများသည်လည်း ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် နေရာသို့ သွားရောက်ခဲ့ကြသည်။ ကနဦးတွေ့ရှိချက်များအရ အပေါ်ထပ် ကရိန်းကြိုးတစ်စသည် အရှိန်ကိုမရပ်နိုင်ဘဲ သံမဏိအရည်ထည့်ထားသည့် ကွန်တိန်နာကို ရိုက်မိခဲ့ရာမှ အဆိုပါ ကြေကွဲဖွယ်ရာ မတော်တဆမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်ဟု သိရသည်။
ပရာချင်ဘူရီပြည်နယ်စက်မှုလုပ်ငန်းရုံးက ထိခိုက်ခဲ့သည့်နေရာကို လုပ်ငန်းများရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ရက် ၃၀ အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး အစီအစဉ်ကို တင်ပြရန် ညွှန်ကြားထားသည်။
အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးဌာနကလည်း ထပ်မံစုံစမ်းစစ်ဆေးမှုများအတွက် ကုမ္ပဏီနှင့် တွေ့ဆုံရန် တောင်းဆိုထားသည်။ KhaoSod ၏ ဖော်ပြချက်အရ ဒေသတွင်း နယ်မြေခွဲအုပ်ချုပ်ရေးအဖွဲ့အစည်းကလည်း ကုမ္ပဏီကို ကရိန်းစစ်ဆေးမှုရလဒ်များ တင်ပြရန် ညွှန်ကြားထားပြီး ဆက်လက်စစ်ဆေးမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆောက်အအုံကို စစ်ဆေးသွားမည်ဖြစ်သည်။
ရာဘိုဖိုင်ရဲတပ်ဖွဲ့ကမူ မတော်တဆမှုဖြစ်ရခြင်း၏ အကြောင်းရင်းနှင့် ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုများ ရှိမရှိကို အသေးစိတ်စုံစမ်းစစ်ဆေးနေသည့်အပြင် ခရိုင်အုပ်ချုပ်ရေးမှူးက ကုမ္ပဏီကို ဘေးကင်းရေးအစီအမံများ တိုးမြှင့်ရန်နှင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအတွက် ချက်ချင်းအကူအညီပေးရန် တိုက်တွန်းထားကြောင်း သိရသည်။
Ref. Khaosod


