◼️ ဝန်ကြီးချုပ် ကားစတားမာ၏ တစ်နှစ်ကျော်ကာလအတွင်း ရွှေ့ပြောင်းဝင်ရောက်သူများ ဝင်ရောက်မှု ငါးသောင်းအထိ မြင့်တက်
၁၃.၈.၂၀၂၅
Translated by Htwe Ko Tun
ဝန်ကြီးချုပ် ကားစတားမာရဲ့ လေဘာပါတီအစိုးရက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်မှာ အာဏာရခဲ့တဲ့ အချိန်ကစလို့ ယူနိုက်တစ်ကင်းဒမ်း (UK) နိုင်ငံအတွင်း ရော်ဘာလှေငယ်တွေနဲ့ရောက်လာခဲ့ကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ ငါးသောင်းနီးပါးထိ မြင့်တက်လာခဲ့ပြီး ဩဂုတ်လ ၁၁ ရက်မှာ နောက်ထပ် ၄၇၄ ဦး ရောက်ရှိလာခဲ့အပြီးမှာတော့ စုစုပေါင်း ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူ ၅၀,၂၇၁ ဦးအထိရှိသွားပြီလို့ ပြည်ထဲရေးဝန်ကြီးရုံးက ဩဂုတ်လ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။
ခုလို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်ကနေ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၁ ရက်ထိ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်သူ ၅၀,၂၇၁ ဦး ရှိလာခဲ့တာက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်ထိကာလမှာ လှေငယ်တွေနဲ့ ဝင်ရောက်ခဲ့တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ဦးရေ ၃၆,၃၄၆ ဦးထက် စုစု ပေါင်း ၁၃,၀၀၀ ကျော် ပိုမိုများပြားလာတာ တွေ့နေရပါတယ်။
ပညာရေးဝန်ကြီးဌာနဝန်ကြီး ဘရစ်ဂက် ဖိလစ်ဆန်ကတော့ အစိုးရအနေနဲ့ ဒီအခြေအနေကို အကောင်းဘက်ပြောင်းလာစေဖို့ ဆောင်ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။
အထွေထွေရွေးကောက်ပွဲကျင်းပစဉ်ကတော့ လေဘာပါတီက အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး နိုင်ငံအတွင်းလူခိုးသွင်းနေတဲ့ လူမှောင်ခိုဂိုဏ်းတွေကို ချေမှုန်းသွားမယ်လို့ ပြောခဲ့တာပါ။
ဒါပေမယ့် ခုလို ရွှေ့ပြောင်းဝင်ရောက်သူတွေ တစ်ဟုန်ထိုးမြင့်တက်လာခဲ့တာက လေဘာပါတီရဲ့ ကတိပြုချက်မအောင်မြင်တာကို မီးမောင်းထိုးပြနေသလိုပါပဲ။ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ကီမီဘိတ်နို့ချ်က လေဘာပါတီရဲ့ ဒီစီမံချက်က လေထဲမှာသာရှိတာပဲလို့ သရော်ခဲ့ပါတယ်။
နိုင်ငံရေးအရဆိုရပြန်ရင်လည်း ခုလို လေဘာပါတီအစိုးရလက်ထက်မှာ ရွှေ့ပြောင်းဝင်ရောက်သူဦးရေ ၅၀,၀၀၀ ကျော်ထိရှိလာတာက လေဘာပါတီအစိုးရကို များစွာသိက္ခာကျစေခဲ့ပါတယ်။ ဒီ ရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ ပတ်သက်လို့ နိုင်ငံအတွင်း မကျေမနပ်ဆန့်ကျင်ကာ လူဝင်မှုကြီးကြပ်ရေးအရ ထိန်းချုပ်ဖို့နဲ့လူမျိုးရေးအရ၊ မျိုးချစ်စိတ်ဓာတ်အရ ကန့်ကွက်ဆန္ဒပြပွဲတွေက နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ပွားခဲ့ပါတယ်။
ဒီမှာ ဒီဆန္ဒပြမှုတွေကို တန်ပြန်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် လူမျိုးရေးအရ၊ လူဝင်မှုကြီးကြပ်ရေးအရထိန်းချုပ်ဖို့ကို ဆန့်ကျင်ပြီး လူမျိုးရေးဝါဒ၊ မျိုးချစ်ဝါဒတို့ကို လက်မခံတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲတွေကလည်း တစ်ချိန်တည်းမှာဖြစ်လာပြန်တာကြောင့် ဒီရွှေ့ပြောင်းဝင်ရောက်မှု ကိစ္စကြောင့်ပဲ နိုင်ငံမှာ ဆူဆူပူပူ မတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။
ယူနိုက်တစ်ကင်းဒမ်းမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေကျူးလွန်တဲ့ ရာဇဝတ်မှုတွေကလည်း မြင့်တက်လာတာနဲ့အတူ ‘အင်္ဂလိပ်လူနေမှု အဖွဲ့အစည်းကို ကာကွယ်ကြပါ’ လို့ ကြွေးကြော်သံတွေမြင့်တက်လာတာလည်း တွေ့ ရမှာပါ။ ဒါပေမယ့် လေဘာပါတီအစိုးရအနေနဲ့တော့ သူ့ရဲ့ရွေးကောက်ပွဲကတိကို အကောင်အထည်မဖော်နိုင်သေးတာကြောင့် ယူနိုက်တစ်ကင်းဒမ်းအဖို့ ရွှေ့ပြောင်းဝင်ရောက်သူ အကျပ်အတည်းထဲ ကျရောက်နေတယ် လို့သာဆိုရမှာပါ။
Ref- BBC, Dailymail




