၁၃.၈.၂၀၂၅
Written by Thiri
ပဲခူးမှာ အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို လေလွင့်ခွေးနှစ်ကောင်က အမဲလိုက်သလို ဝိုင်းဆွဲလို့ ပြင်းထန်ဒဏ်ရာရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီး သုံးရက်အကြာမှာတော့ ပဲခူးမြို့စည်ပင်သာယာရေးအဖွဲ့က “ခွေးချစ်များသို့ ပန်ချက်ကြား” စာတစ်စောင်ကို ထုတ်ပြန်ပါတယ်။
အဆိုပါပန်ကြားချက်ပါအကြောင်းအရာတွေက ပဲခူးတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ ပဲခူးမြို့ကို သန့်ရှင်းသာယာလှပတဲ့မြို့တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ခွေးချစ်သူများနှင့် အိမ်မွေးပိုင်ရှင်တွေအနေနဲ့ မိမိတို့မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ခြံလှောင်စနစ်နဲ့ စနစ်တကျ မွေးမြူခြင်း၊ သားဆက်ခြားဆေးများထိုးနှံခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ထားရှိဖို့နဲ့ အများပြည်သူဆိုင်ရာလမ်းများအပေါ် စည်းကမ်းမဲ့လွှတ်ကျောင်းခြင်း၊ ခွေးလေခွေးလွင့်တွေကို ခွေးစာကျွေးခြင်း၊ စည်ပင်မှ ခွေးလေခွေးလွင့်များအား ရှင်းလင်းချိန် နည်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခြင်း၊ ဝှက်သိမ်းပေးထားခြင်းများ မပြုလုပ်ကြရန်နဲ့ တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း မပြုပါက တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် ခွေးချစ်သူတွေအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါကြောင်း “ပါရှိပါတယ်။
ပဲခူးမြို့ စည်သာယာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စာက ဒီနေ့ ထုတ်ပြန်တာပါ။ အထက်က စီစဉ်ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မှာပါလို့” MT Newsက ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ပန်ကြားချက် ထွက်လာတဲ့အပေါ် လမ်းဘေးခွေးအစာကျွေးမွေး ကုသိုလ်ယူနေသူတစ်ဦးက “စာထုတ်ပြီးရင် အရပ်ထဲလှည့်ပြီး လော်စပီကာနဲ့ ကြေညာတော့မှာ။ ပြီးရင်တော့ သူတို့နည်းအတိုင်းရှင်းမှာပေါ့။ အစာကျွေးတဲ့ သူအရေးယူတာတော့ ဥပဒေက မဟုတ်သေးပါဘူး။ မကျွေးတော့ ငတ်နေရင်လည်း သတ္တဝါက ကိုယ်ကျွေးမှ စားရတာ” စသဖြင့် သူ့ရဲ့ ယူဆချက်တချို့ကို ပြောပြပါတယ်။
ပဲခူးမြို့မှာ အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ဦးကို ခွေးနှစ်ကောင်က အမဲလိုက်သလို ကိုက်ဆွဲတဲ့အတွက် ကလေးမှာ ပြင်းထန်ဒဏ်ရာတွေနဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတာပါ။ ကလေးရဲ့ ဖြစ်အင်ကို ဂရုဏာသက်ကြတဲ့ ပရဟိတအလှူရှင်တချို့က ကလေးကောင်းမွန်စွာ ဆေးကုသနိုင်ဖို့ ဝိုင်းဝန်းလှူဒါန်းပေးကြသလို နေပြန်ကောင်းလာရင် ကျောင်းတက်နိုင်ဖို့လည်း ဝိုင်းဝန်းထောက်ပံ့ကူညီဖို့ ပြင်ဆင်နေကြပါတယ်။
ဒီနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာတော့ ခွေးကိုက်ထားတဲ့ နက်ပြီးကြီးတဲ့ အသားပဲ့ထွက်ဒဏ်ရာတွေကို ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့လည်း သိရပါတယ်။ ခွေးကိုက်ခံရတဲ့နေ့ကလည်း ကလေးက နေအိမ်အနောက်ဖက်မှာ အပေါ့သွားနေစဉ် ခွေးဆွဲခံရတာဖြစ်ပြီး အဆိုပါခွေးတွေက ဗမာခွေးမျိုးစိတ်တွေပဲဖြစ်သလို ပိုင်ရှင်မဲ့ ဆိုပေမယ့် လမ်းထဲက အိမ်တချို့ အစာကျွေးမွေးတာမျိုးရှိပြီး တရားဝင်ပိုင်ရှင်သာ မရှိတဲ့ ခွေးတွေလို့ သိရပါတယ်။ ဒီလို ခွေးကိုက်ဆွဲခံရတာကြောင့် ကလေးမှာ ပေါက်ပြဲ အသားထစ်ထွက်တဲ့ ဒဏ်ရာတွေ ခန္ဓာကိုယ်အနှံ့ များစွာရရှိခဲ့တာပါ။


