၁၂. ၈. ၂၀၂၅
Translated by Thettant
သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနသည် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုပြုသည့် တရုတ်ကျားဖြန့်ဂိုဏ်းများထံသို့ လူကုန်ကူးခံရကာ ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံသား ၁၁ ဦးနှင့်ပတ်သက်သော အချက်အလက်များကို ရရှိခဲ့ကြောင်း ထုတ်ပြန်ဖော်ပြသည်။
တစ်ချိန်တည်းတွင် အမျိုးသားလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (NAHTTF) သည် သီရိလင်္ကာနိုင်ငံသားများကို ပစ်မှတ်ထားသည့် လူကုန်ကူးမှုပုံစံသစ်နှင့်ပတ်သက်သော အချက်အလက်များအကြောင်း အများပြည်သူအား သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အစီရင်ခံစာများအရ အရှေ့တောင်အာရှရှိ တရုတ်ကျားဖြန့်ဂိုဏ်းများကို လည်ပတ်နေသည့် လူကုန်ကူးမှုဂိုဏ်းများက အကြီးစားလူသစ်စုဆောင်းမှုများကို စတင်ခဲ့သည်။ အဆိုပါကွန်ရက်များသည် နိုင်ငံအားလုံးမှ လူပေါင်း ၅၀,၀၀၀ ကျော်ကို လိမ်လည်မှုကျုးလွန်ရာ ကျားဖြန့်ဂိုဏ်းနေရာများသို့ လူကုန်ကူးခေါ်ဆောင်ရန် ကြိုးပမ်းနေပြီး သီရိလင်္ကာနိုင်ငံသားများသည် အဓိကပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထောက်လှမ်းရေးသတင်းများမှ ရရှိသောအချက်အလက်များအရ လိမ်လည်မှုစင်တာအသစ် ၅ ခုကို ဝေးလံခေါင်သီသောနေရာများတွင် တည်ထောင်နေကြောင်း သိရသည်။ လူကုန်ကူးသူများသည် အလုပ်ရှာဖွေသူများကို ဆွဲဆောင်ရန်အတွက် အွန်လိုင်းကြော်ငြာများ၊ အလုပ်အကိုင် အယောင်ဆောင်လိမ်လည်မှုများကို အသုံးပြုနေသည်။ ဤလုပ်ငန်းများသည် အလွန်အမင်းလှုပ်ရှားနေဆဲဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း သီရိလင်္ကာနိုင်ငံသားအများအပြားကို ဤနေရာများသို့ လူကုန်ကူးခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။
ထို့အပြင် NAHTTF က အဆိုပါသားကောင်များအနက် အချို့ကို ဒူဘိုင်းတွင် အလုပ်လုပ်နေစဉ်ကပင် ဆွဲဆောင်၍ လူသစ်စုဆောင်းခဲ့ပြီး ကျန်သီရိလင်္ကာနိုင်ငံသားများကိုမူ ဆိုရှယ်မီဒီယာများပေါ်တွင် အတုအယောင်အလုပ်အကိုင်ကြော်ငြာများဖြင့် သီရိလင်္ကာနိုင်ငံမှ တိုက်ရိုက်လူသစ်စုဆောင်းခဲ့သည်ဟု မှတ်သားခဲ့သည်။
ထို့ကြောင့် NAHTTF သည် အထူးသဖြင့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများတွင် အွန်လိုင်းအလုပ်အကိုင်ကြော်ငြာများကို တုံ့ပြန်ရာတွင် အလွန်သတိထားရန်နှင့် သီရိလင်္ကာနိုင်ငံခြားအလုပ်အကိုင်ဗျူရို (SLBFE) တွင် မှတ်ပုံတင်၍ ဘေးကင်းစွာ အလုပ်လုပ်ရန်အတွက် တရားဝင်လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် အများပြည်သူကို တိုက်တွန်းထားသည်။
Ref . adaderana

