◾ နယ်စပ်နယ်မြေအတွင်း မြေမြှုပ်ဗုံးများကြောင့် ထိခိုက်ဒဏ်ရာရသူ ထိုင်းစစ်သား ၁၂ ဦး ထိရှိလာပြီး ငါးဦးခြေထောက်ဆုံးရှုံး
၁၂.၈.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်ထိစပ်နေသောနယ်မြေများတွင် မြေမြှုပ်ဗုံးများ ရှိနေမှုကြောင့် ထိုင်းတပ်ဖွဲ့ဝင်များမကြာခဏ ထိခိုက်ဒဏ်ရာရလျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နံနက်ကလည်း နယ်စပ်ဒေသ၊ ဆူရင်ပြည်နယ်အတွင်း ရှေးဟောင်းဘုရားကျောင်းတစ်ဆူအနီး ကင်းလှည့်နေသော ထိုင်းအပျော်တမ်း တပ်ဖွဲ့ဝင်တစ်ဦးမှာ မြေမြှုပ်ဗုံးတစ်လုံးပေါက်ကွဲမှုအတွင်း ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုင်းဘုရင့်တပ်မတော်က ပေါက်ကွဲမှုမှာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် အမှတ် ၂၆၁၀ အပျော်တမ်း ကွန်မန်ဒိုတပ်ခွဲမှ တပ်ဖွဲ့ဝင်များက ကမ္ဘောဒီးယားနိုင်ငံနယ်စပ် ဆူရင်ပြည်နယ်၊ ဖာနွန်ဒုံရက်ခရိုင်အတွင်းရှိ တာမွန်တုမ် ဟိန္ဒူဘုရားကျောင်းအနီး ကင်းလှည့်နေစဉ် ဖြစ်ပွားခဲ့ရခြင်းဟုလည်း ကြေညာခဲ့သည်။
မြေမြှုပ်ဗုံးပေါက်ကွဲပြီးနောက် ဒဏ်ရာရရှိသော တပ်ဖွဲ့ဝင်အား ဆေးရုံသို့ အမြန်ပို့ပေးခဲ့ကြောင်းလည်း သိရသည်။
ထိုင်းအစိုးရနှင့်စစ်ဘက်တို့က အဆိုပါ လူထိခိုက်စေသော မြေမြှုပ်ဗုံးများအသုံးပြုမှုက အော့တာဝါစာချုပ်ကို ချိုးဖောက်ရာရောက်ကြောင်းနှင့် ထိုင်းနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီထားမှုတွင် ကမ္ဘောဒီးယားဘက်က မရိုးသားမှုကိုပြသခြင်းဟု အကြိမ်ကြိမ် ပြောကြားကန့်ကွက်နေသည့်ကြားမှပင် ဤသို့ ပေါက်ကွဲမှုများက နယ်စပ်ဒေသ ထိုင်းပိုင်နက်နယ်မြေအတွင်း ဖြစ်ပွားနေရခြင်းဖြစ်သည်။
မကြာသေးမီရက်များကလည်း ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ်များ ထိစပ်နေသောဒေသ ထိုင်းပိုင်နက်နယ်မြေအတွင်း မြေမြှုပ်ဗုံးပေါက်ကွဲမှုများကြောင့် ထိုင်းတပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လေးဦးမှာ ခြေထောက်မှာဆုံးရှုံးခဲ့ရသေးကြောင်း၊ ဩဂုတ်လ ၁၂ ရက်နံနက်ပေါက်ကွဲမှုနှင့်ပါဆိုလျင် မြေမြှုပ်ဗုံးပေါက်ကွဲမှုများကြောင့် ဒဏ်ရာရထိုင်းတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် ခြေထောက်ဆုံးရှုံးရသူ ငါးဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယား ဘက်ကမူ မြေမြှုပ်ဗုံးပေါက်ကွဲမှုများက ၎င်းတို့နှင့်မသက်ဆိုင်ဟု ငြင်းဆိုနေဆဲဖြစ်သည်။
Ref- Bangkok Post

