၁၂. ၈. ၂၀၂၅
Written by Nay Moe
တပ်မတော်စစ်ကြောင်းများ၏ မြင်းခြံထိုးစစ်အတွင်း PDF များ စခန်းလက်လွှတ်ခဲ့ရသလို အထူးကွန်မန်ဒို တပ်စိပ်မှူးအပါအဝင် ငါးဦးသေသွားသည်ဟု မြင်းခြံ PDF အဖွဲ့ဖြစ်သော Myingyan Black Tiger (MBT) အဖွဲ့က ယနေ့တွင် ဝန်ခံလာသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးတွင် ဇူလိုင်လ ၃၁ရက်နေ့မှ စတင်စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ရှိ တပ်မတော်စစ်ကြောင်းသည် Myingyan Black Tiger (MBT) အဖွဲ့နှင့် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဆယ်ရက်အကြာတွင် MBT နှင့် PDF ပူးပေါင်းတပ်များ ခဲယမ်းပြတ်တောက်မှုများ ဖြစ်ပေါ်လာသောကြောင့် ဩဂုတ် ၁၀ ရက်နေ့တွင် တပ်စခန်းများအား စွန့်လွတ်ခဲ့ရသည်။
တပ်မတော်က မြေပြင်ထိုးစစ်အပြင် ဝေဟင်တိုက်စစ်ဖြင့်ပါ တိုက်ခိုက်သော ထိုတိုက်ပွဲများအတွင်း MBT တပ်ဖွဲ့မှ အထူးကွန်မာန်ဒိုစစ်ကြောင်းမှ ရဲဘော်ဇော်ကြီး (တပ်စိပ်မှူး)၊ ရဲဘော်ဝန (ဒု- တပ်စိပ်မူး)၊ ရဲဘော်ကျွဲကြီး၊ ရဲဘော် Black Shar နှင့် MBT စစ်ကြောင်း-၅ မှ ရဲဘော်ကိုဖက် စုစုပေါင်း PDF (၅)ဦး သေကာ လက်နက်/ခဲယမ်းများလည်း ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
ထိုတိုက်ပွဲများအတွင်း MBT တပ်ဖွဲ့အား လာရောက်ကူညီအားဖြည့်ပေးခဲ့သော တပ်ရင်း (၁၊ ၂၊၇၊ ၈)၊ ဗိုလ်စားပြောက်တပ်၊ ဝံပုလွေတပ်ဖွဲ့၊ မြင်းခြံခရိုင် ပကဖ၊ တောင်သာမြို့နယ် ပကဖနှင့် အခြားမဟာတပ်ဖွဲ့များအား MBT တပ်မှ အထူးပင်ကျေးဇူးတင်၍ အသိမှတ်ပြုကြောင်း ဖော်ပြထားသလို PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း သေဆုံးမှုရှိသည်ဟု MBT ပြောသော်လည်း သေဆုံးသူအရေအတွက်ကိုမူ ဖော်ပြခြင်းမရှိပေ။









