၁၂. ၈. ၂၀၂၅
Translated by Tha Doe
မြန်မာနိုင်ငံရှိ လက်နက်ကိုင်သူပုန်အဖွဲ့ဖြစ်သော ရခိုင်အကြမ်းဖက် လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တစ်ဦးသည် မြန်မာနိုင်ငံ၏ ပဋိပက္ခဒေသဖြစ်သည့် ရခိုင်ပြည်နယ်၊ မောင်တောရှိ AA စခန်းတစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းတွင် လက်နက်ခဲယမ်းများဖြင့် ထွက်ပြေးလာကာ လက်နက်ချအဖမ်းခံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ပြောကြားခဲ့သည်။
AA သည် မြန်မာနယ်စပ်ကို ထိန်းချုပ်ခဲ့ပြီးနောက် ဘင်္ဂါလီများကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခဲ့ပြီးနောက် အဆိုပါ အဓမ္မဖမ်းဆီးခံရသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများလည်း ပါဝင်ခဲ့သလို ယခု BGB ထံ အဖမ်းခံသူ AA လက်နက်ကိုင် အသက် ၂၁ နှစ်အရွယ် Jibon Tanchangya ကလည်း ၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ပြီး Bandarban’s Naikhongchhari Upazila မှ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
“ကျူးကျော်သူဟာ မြန်မာနိုင်ငံကနေ Ukhiya’s Palongkhali မြို့နယ်ရဲ့ Balukhali နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာပြီး BGB ထံ လက်နက်တွေနဲ့အတူ အဖမ်းခံခဲ့ပါတယ်။ သူ့မှာခေတ်မီတဲ့ နိုင်ငံခြားလုပ် AK-47 တစ်လက်၊ ကျည် ၅၂ တောင့်နဲ့ Magazine နှစ်ခု ပါလာပါတယ်။ AA လက်နက်ကိုင် Jibon Tanchangya က နယ်စပ်ကိုဖြတ်ကျော်ပြီး သူ့လက်နက်ကို BGB တပ်ဖွဲ့ဝင်တွေဆီ အပ်နှံပြီး ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။ BGB က လက်နက်ကို သိမ်းဆည်းပြီး သူ့ကို ထိန်းသိမ်းခဲ့ပါတယ်” ဟု BGB ၏ Ukhiya-64 တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Mohammad Jasim Uddin က တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်၏ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့သည်။
ထို့အပြင် Ukhiya-64 တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Mohammad Jasim Uddin က“သူဟာ နယ်စပ်တစ်ဖက်ခြမ်း မောင်တောစခန်းတစ်ခုကနေ သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ပြီး ထွက်ပြေးလာတာဖြစ်ပြီး ကျွန်တော်တို့ဆီ အဖမ်းခံခဲ့တာပါ။ စစ်ဆေးမေးမြန်းမှုအတွင်း သူပြောပြတာက ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင် ၃၀၀ လောက်ဟာ မြန်မာစခန်းတွေကနေ ထွက်ပြေးခဲ့ကြပါပြီတဲ့။ သူတို့လည်း ဘယ်အချိန်မဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာပြီး အဖမ်းခံနိုင်ပါတယ်” ဟု ဆက်လက်ပြောသည်။
အဆိုပါထွက်ပြေးလာသူ ၃၀၀ ခန့်မှာ AA က အဓမ္မစစ်မှုထမ်းရန် စေခိုင်းခံရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြောင်း အဖမ်းခံခဲ့သူ Jibon Tanchangya က BGB ကို အသိပေးခဲ့သလားဟု မေးမြန်းသောအခါ Mohammad Jasim Uddin က “ကျွန်တော် အားလုံးကို မသိပါဘူး။ သူတို့က စခန်းတွေမှာ ဆက်နေလို့မရတော့တာကြောင့် ထွက်ပြေးနေကြတာပါ” ဟု ပြောကြားခဲ့သည်။
Jibon Tanchangya ထွက်ပြေးလာစဉ် ရခိုင်သူပုန် AA လက်နက်ကိုင်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်ကာ လက်စဖျောက်ရန် ကြိုးပမ်းသဖြင့် ဘင်္ဂလားဒေ့ရှ်ဒေသခံများက ကျယ်လောင်သော ပစ်ခတ်သံများ ကြားခဲ့ရသည်။ သို့သော် ပစ်ခတ်သည့် ကျည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကျရောက်ခြင်းမရှိဟုလည်း BGB က ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာ ဥပဒေများအောက် ဥပဒေအရ အရေးယူနိုင်ရန် Jibon ကို Ukhiya ရဲစခန်းသို့ လွှဲပြောင်းပေးအပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်းလည်း Mohammad Jasim Uddin က မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် နယ်စပ်တစ်လျှောက် ထောက်လှမ်းရေး စောင့်ကြည့်မှုများကို တိုးမြှင့်ထားကြောင်းလည်း သိရသည်။
Ref , BD & The Daily Star
