၁၂. ၈. ၂၀၂၅
Translated by Thettant
မလေးရှားနိုင်ငံ၊ ဆာရာတုတ်မြို့၊ ဘာတုပီကန် (Batu Pekan) ဆိပ်ခံတံတားတွင် ကျောက်ချရပ်နားထားသည့် သင်္ဘောပေါ်မှ ကီရီယန်မြစ် (Kerian River) ထဲသို့ ပြုတ်ကျပြီး ရေနစ်ပျောက်ဆုံးသွားသည့် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို လေးရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။
အသက် ၂၀ အရွယ်ရှိ ကိုသူထူးအောင်ဟု သိရသည့် မြန်မာနိုင်ငံသား သင်္ဘောသားသည် ဆာရာတုတ်မြို့ရှိ ဘာတုပီကန် ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသည့် Moi Soon 2 သင်္ဘော၏ သင်္ဘောသားတစ်ဦးဖြစ်သည်။ ဆာရာဝက်မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (Bomba) ၏ ပြောကြားချက်အရ သြဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ကိုသူထူးအောင်သည် Moi Soon 2 သင်္ဘောပေါ်မှမြစ်ထဲသို့ ပြုတ်ကျပြီးနောက် ပြန်ပေါ်လာခြင်းမရှိတော့ကြောင်း သိရသည်။
အတူပါလာသည့် သင်္ဘောသားများက ချက်ချင်းရှာဖွေခဲ့သော်လည်း ရှာမတွေ့သောကြောင့် ဆာရာတုတ်ရဲစခန်းတွင် တိုင်ကြားခဲ့ပြီးနောက် ပူးပေါင်းရှာဖွေရေးလုပ်ငန်းများ စတင်ခဲ့သည်။
“သြဂုတ်လ ၁၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၂၃ မိနစ်မှာ အခင်းဖြစ်ပွားရာနေရာကနေ လှေနဲ့ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်အကွာမှာရှိတဲ့ Kampung Kupang အနီးက Sungai Lubuk Petan မြစ်ထဲမှာ ရုပ်အလောင်းတစ်ခု မျောနေတယ်ဆိုတဲ့ သတင်းကို ဒေသခံရွာသားတွေဆီကနေ ရှာဖွေရေးအဖွဲ့က ရရှိခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတွက် မီးသတ်သမားများသည် ရဲတပ်ဖွဲ့နှင့်အတူ ရုပ်အလောင်းကို ဆယ်ယူပြီး အနီးနားရှိ ဆိပ်ခံတံတားတစ်ခုသို့ ယူဆောင်ခဲ့သည်။ တွေ့ရှိရသည့်ရုပ်အလောင်းမှာ ရေထဲပြုတ်ကျသည့်နေ့က ဝတ်ဆင်ထားသည့် အညိုရောင်ဘောင်းဘီရှည်နှင့် ရော်ဘာဖိနပ်အတိုဝတ်ဆင်လျက်သား ဖြစ်သော်လည်း ခါးအောက်ပိုင်းသာ ကျန်ရှိတော့သည်ကို တွေ့ရပြီး ရေနေသတ္တဝါများ ကိုက်ဖြတ်စားထားသည်ဟု ယူဆရသည့် ကိုက်ရာများလည်း တွေ့ရကာ ရဲတပ်ဖွဲ့က ရုပ်အလောင်းမှာ ကိုသွင်ထူးအောင်ဖြစ်သည်ဟု သက်သေများအရ အတည်ပြုခဲ့သည်။
ရုပ်အလောင်းကို မှုခင်းဆေးပညာအရ အတည်ပြု ထပ်မံစစ်ဆေးမှုများပြုလုပ်ရန် ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ပြီး ရှာဖွေရေးလုပ်ငန်းကို ယမန်နေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်တွင် တရားဝင် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
Ref , The Borneo Post @ Malaymail
