
၁၂.၈.၂၀၂၅
WrittenWritten by Hey Mar
မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဆိုတဲ့ ဖြစ်ရပ်တချို့ ဩဂုတ်လ ၁၁ ရက် နဲ့ ၁၂ ရက်အတွင်း အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတစ်ဦးပြုလုပ်ခဲ့ကြတာကို MT News သတင်းဌာနက စုံစမ်းသိရှိရပြီး ဒီ ဖြစ်ရပ်တွေမှာ အရက်ကြောင်ကြောင်တာ၊ စီးပွားရေးအဆင်မပြေတာနဲ့ အဲ့ဒီနောက်ဆက်တွဲ စိတ်ဖိစီးမှုတွေက သူတို့ကို ဒီလိုလုပ်ဆောင်ဖို့ တွန်းအားဖြစ်စေခဲ့တာလို့လည်း မြေပြင်မှာ စုံစမ်းသိရှိရတဲ့ အချက်အလက်တချို့အရ သိရပါတယ်။
ဒီနေ့ မနက် ၇နာရီဝန်းကျင်အချိန်ခန့် အသက်နှစ်ဆယ် ဝန်းကျင်အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်တဲ့ ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့က သန်းကုန်းရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေ အသင်းကဆိုပါတယ်။ မနေ့က ဩဂုတ် ၁၁ ရက်နေ့ ညနေကအထိ အဆိုပါလူငယ်က သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေခဲ့တာပါ။ သူ့ သူငယ်ချင်းတွေကိုတော့ သူစိတ်အရမ်းညစ်နေကြောင်း၊ နေချင်စိတ်တောင် မရှိတော့ကြောင်း ပြောလာပေမယ့် ဒီလိုအထိ ဖြစ်မယ် မထင်ခဲ့ကြောင်းလည်း သေဆုံးသူရဲ့ သူငယ်ချင်းတစ်ဦးက ဆိုပါတယ်။ ကြားသိရတဲ့ နောက်ထပ်အချက်အလက်တချို့က ပြည်ပထွက်အလုပ်လုပ်ဖို့ စီစဉ်ထားပြီးမှ ပျက်ပြားတဲ့ ဖြစ်ရပ်လည်း ရှိနေပြီး အကြောင်းအရင်းကတော့ သေချာမသိရဘူးလို့လည်း ဆိုကြပါတယ်။
နောက်တစ်ဦးကတော့ မိတ္ထီလာမြို့က ဖြစ်ပြီး မနေ့က ဩဂုတ် ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်မှာ သစ်ပင်မှာ တွဲလောင်းဆွဲလျက် ကြိုးဆွဲချ သေဆုံးနေတာကို တာဝန်သိပြည်သူက တွေ့မြင်ကာ သက်ဆိုင်ရာထံ အကြောင်းကြားလာတာပါ။ သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့မှသက်သေတွေနဲ့အတူသွားရောက်ကြည့်ရှုစစ်ဆေးရာ မဟာစည်ဘုန်းကြီးကျောင်း မြောက်ဘက်ရှိ အုန္နဲပင်မှာ သံကွင်းဆက်ကြိုးကို အသုံးပြုပြီး မဟာစည်တိုးချဲ့ရပ်ကွက်နေ အသက်(၄၆)နှစ်အရွယ်အမျိုးသားက အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။ သက်ဆိုင်ရာကတော့ အရက်ကြောင်ကြောင်ကာ အခုလို ကြံစည်ကြောင်း ကောက်ချက်ချထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
အလားတူပဲ မိတ္ထီလာမှာ အသက်နှစ်ဆယ်ကျော် သူနာပြုသင်တန်းကျောင်းသူတစ်ဦး ဒီနေ့မနက်ပိုင်းကပဲ ကိုယ့်ကိုယ်ကိုယ် ဒီဇယ်လောင်း မီးရှို့စီရင်မှု ဖြစ်ပွားခဲ့ပြီး မနေ့က ဩဂုတ် ၁၁ ရက် ညဦးပိုင်းကလည်း လုပ်ကိုင်နေတဲ့အလုပ်က လူလျှော့ချလို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချစီရင်မှု ရန်ကုန်မြို့ ဒဂုံ မြို့သစ်တောင်ပိုင်းမြို့နယ်က ကျူးကျော်ရပ်ကွက်တစ်ခုမှာ ဖြစ်ပွားခဲ့ပြန်ပါတယ်။
